အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, April 17, 2012

ပီနန်းမြို့မှကွာလာလမ်ပူသို့

သတိပဌာနဓမ္မရိပ်သာရှိ ဘုရားခန်းအားကြည်ညိုစရာတွေ့နိုင်သည်

ဒီနေ့ (၁၇.၄.၂၀၁၂)နေ့ ပီနန်းမြို့ ဘာတာဝပ် ပလန်တီးမှ ကွာလာလမ်ပူသို့ သွားရန် နံနက် ၇ နာရီခန့်ရေမိုးချိုးကာ ပြင်ဆင်ခဲ့သည်။ကားမောင်းပို့ရန် အဆင်သင့်ရှိနေသောမောင်အောင်အောင်သူ သည် မိမိတို့အား ဖြည်းဖြည်းလုပ်ပါဘုရားဟု ပြောဆိုနေ၏။ သို့သော် အချိန်အခါအရ မြန်မြန်ဆန်ဆန်လုပ်ရပေမည်။ပြီးစီးပြီမို့ အိမ်ပေါ်မှဆင်းသည် ကားပေါ်နေရာယူမိလိုက်သည်။ ကားလေးသည် သော့လေးတချက်လှည့်လိုက်သည်နှင့် သူတာဝန်ကျေအောင်ပို့ဆောင်ပေးရမည်ဆိုသောအသိကြောင့် ဝေါကနဲထွက်သွားခဲ့၏။စက်ရုံများကျော်ဖြတ်ခဲ့သည်

ပီနန်းကမ်းခြေတနေရာသို့ ကွာလာလမ်ပူကားစီးရန်လိုက်ပို့ခြင်းဖြစ်၏။ မိမိတို့ရောက်သည်နှင့်ကားလက်မှတ်ဖြတ်သည် တသီးလျှင် ၃၁ ရမ်းဂစ်ဖြစ်သည်။ ကီလိုမီတာ ၂၀၀ ကျော်ရှိ၏ ဟု ပြောကြသည်။ ကားသည် မရောက်သေး မနက်စာ ဘာဘုဉ်းပေးရမလဲ တွေးနေမိသည်။ မလှမ်းမကမ်းတွင် ကုလားဆိုင်တဆိုင်ရှိ၏။ ထိုဆိုင်တွင် လဘက်ရည်နှင့် ပဲပလာတာဘုဉ်းပေးသည်။ မကြာခင် ကားရောက်တော့မှာမို့ကပျာကယာဘုဉ်းကာ ကားဂိတ်အနီးသို့ပြန်လည်နေရာယူနေလိုက်၏။မကြာခင် ကားရောက်လာသည် ကားပေါ်တတ်ခဲ့သည်။ အို့...အရမ်းအေးနေသည် အဲယားကွန်းကြောင့် ကားပေါ်ရောက်သည်နှင့်မကြာလိုက်ပါ။အိပ်ပစ်လိုက်သည်။ လမ်းဘေးရှုခင်းများကြည့်တတ်သော မိမိတယောက်ဒီနေ့အဖို့ဘာမှမသိခဲ့။ လမ်းတွင် ကျမ္မာရေးအရ ရပ်တန့်ပေးသည် အဆာပြေစားဘို့ ၁၅ မိနစ်ခန့် ရပ်ပေးထားသည်။ မိမိကြိုက်တတ်သော သရက်သီးစိမ်း တထုတ်ဝယ်စားမိသည်။ ၁.၅၀ ရမ်းဂစ်။ ခဏအကြာ ဘယ်အချိန်ရောက်မှန်းမသိ၍ ခေါက်ဆွဲကြော် တထုပ် ၀ယ်ပြီး ဘုဉ်းဖြစ်သည်။ သိပ်တော့အဆင်မပြေခဲ့။ ၁၅ မိနစ်ခန့်ပြီးသည်နှင့် ကားပြန်ထွက်သည်။ မအိပ်ဖြစ်တော့ ရှုခင်းများ တောင်တန်းတောင်ရိပ်များ လှပသော ၇ှုခင်းများကိုကြည့်နေမိသည်။ ကားအဲယားကွန်းသည် အေးစိမ့်လျှက် ပတ်ဝန်းကျဉ်ပြင်ပရှုခင်းသည်လည်း လှပလျှက်မို့ အအေးဒဏ်ကို ဂရုမပြုမိ။ ကားတို့သည်လည်း အပြိုင်ဆိုင် လိုရာခ၇ီးကိုသွားနေကြသည်။ တချို့ကားအပေါ်တွင် တွေ့ရှိလိုက်မိသည်ကား။ ကားအသစ်လေးများ ၁၀ စီးခန့်တင်ဆောင်၍ မောင်းနှင်နေသော ကားအကြီးများမကြာမကြာတွေ့ရှိခဲ့သည်။ ကားသည် တဝေါဝေါ မောင်းနှင်လျှက် တချို့နေရာတွင် ကွေ့ကာဝိုက်ကာမောင်းနေသည်။ တောင်ဆင်းတောင်တတ်လမ်းမို့ ကွေ့သည် တတ်သည် ဆင်းသည် ကားသည်တခါတရံ ငြိမ့်ကနဲဖြစ်လျှက်။ တွေ့နေရပြီ ကွာလာလမ်ပူမြို့။ အ၀င်ဝမှာ မိုးမျှော်တိုက်ကြီးများနှင့်ခန့်ညားစွာမြင်တွေ့လိုက်ရသည်။ စင်္ကာပူနိုင်ငံ ကို ပြန်လည် လွမ်းဆွတ်နေမိသည်။ တိုက်တာကြီးများသည် စီစီရီရီတွေ့နေရပြီမို့ ကွာလာလမ်ပူမြို့ထဲ ရောက်တော့မည်ဆိုတာ သိနေမိ၏။ မှန်ပါသည် မကြာလိုက် မြို့အ၀င် ဂိတ်သို့ရောက်နေချေပြီ။ မိမိတို့သည် ကားဂိတ်မှာ ဂိတ်ဆုံးမည်ထင်နေမိသည်။ထိုသို့မဟုတ် ကိုးယိုကားယား တနေရာတွင်ရပ်လိုက်၏။ ခပ်တည်တည်နှင့် မိမိတို့ မရောက်သေးဟု အထင်နှင့် ထိုင်နေမိ၏။ လူတွေအားလုံးဆင်းနေကြချေပြီ ဒီတော့မှ ဂိတ်များဆုံးနေရော့သလား ဆိုပြီး ဆင်းလိုက်ကြသည်။ မှန်ပါ၏ ခရီးစဉ် ဆုံးချေပြီ။ ကြိုသူကားမရောက်သေး နေပူထဲမှာ ရပ်နေရသည်။ ခပ်လှမ်းလှမ်းမှ တွေ့နေရသော အရိပ်အာဝါသ ရှိ  စောင်းတန်းသဖွယ် ထိုနေရာ သွားနားနေမိလိုက်၏။ မကြာခင် ဆိုင်ကယ်သမားတယောက်ရောက်လာ၏။ အရှင်ဘုရားတို့ ဟိုဘက်လမ်းကူးပါဘုရားဟူ၏။မြန်မာသံဖြင့် ပြောဆိုသံကြားတော့မှ သြော် မိမိတို့လာကြိုပါလားဆိုတာသိလိုက်ရသည် ဟိုဘက်လမ်းကူးသည် ဆိုင်ကယ်မောင်းနှင်လာသောဒကာသည် ကားကိုငှားလျှက် ပိုက်ဆံပေးစရာမလို သူပေးပြီးသားဖြစ်ကြောင်းပြောကာ ဆိုင်ကယ်နှင့်ရှေ့မှ မောင်းသွား၏ မိမိတို့ကားသည်နှင့်နောက်မှလိုက်ပါလျှက် အပေါ်သို့တတ်သည် အောက်သို့ဆင်းပြန်သည်။ မိုးမျှော်တိုက်ကြီးများသည်လည်း တည်ငြိမ်လျှက် ကွာလာလမ်ပူ၏အလှအပကို ပြသနေ၏။ ကားလေးသည် ကွေ့လိုက်ပြန်၏။ အကွေ့အကောက်များပြီးသည်နှင့် တွေ့လိုက်ရသည်မျာကား သတိပဌာနဓမ္မရိပ်သာ ဆိုင်းဘုတ်နှင့်အတူ ကျောင်းမှဆရာတော် ဦးနာဒရသည် ကြွကြပါဟု ဖိတ်ခေါ်လိုက်၏။ ရောက်နေပြီကော..မိမိတို့တည်းမည့်နေရာဖြစ်၏။ အပေါ်ရောက်သည်နှင့် ကျက်သရေ၇ှိလှသော ဘုရားခန်းနှင့် မြတ်စွာဘုရားရုပ်ပွားတော်မြတ်သည် မိမိတို့ရင်မှာအေးမြလျှက် ဦးချမိသည်။ စိတ်ထဲမှာ သြော် ရွှေမြန်မာတို့နေရာတိုင်းမှာ တွေ့နေကြအတိုင်း မြန်မာ့အသံတို့ဖြင့် ကြားရသည်။ တချို့ရေပုလင်းကိုင်ကာ လောင်းနေကြသည် ရွှေမြန်မာတို့ နေရာတိုင်းမှာ သင်္ကြန်ဆိုတာ အမှတ်တရ အဖြစ် နွေးထွေးစွာ ပြုလုပ်နေကြသည်မှာ ရွှေမြန်မာတို့ရဲ့ ပြည်ပရောက်ဓလေ့လေးဟာ ချစ်စရာလေးပါလားဟု တွေးရင်း..ကွာလာလမ်ပူမြို့သို့ ရောက်ခဲ့လေပြီ။သတိပဌာနဓမ္မရိပ်သာ မှာလည်း နွေးထွေးစွာကြိုဆိုနေလျှက်.

No comments:

Post a Comment