အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Monday, August 8, 2011

ပုထုဇဉ်၏ သဒ္ဓါတရား (၂)


ဟုတ်တယ် ဒကာ၊ ပတ္တမြား ကြိုးကြာမြိုတာကို ဘုန်းဘုန်း ကိုယ်တိုင် မြင်တွေ့လိုက်ရတာပါ၊ ဒီလို ပြောလိုက် တာဟာလည်း ကြိုးကြာငှက် သေပြီဖြစ်၍ ပြောခြင်းပါ၊ အကယ်၍ ကြိုးကြာအသက်ရှင်သန်နေအုံးမယ်ဆိုရင် မိမိအသက်သာ အသေခံသွားမည်ဟု ကြိုးကြာမျိုသည်ဟုပြောလိမ့်မည် မဟုတ်ပါ၊ ( အော် သူတော်ကောင်း ဟူသည် မိမိပယောဂကြောင့် သူတစ်ပါးဒုက္ခရောက်မည်ကို ပြောမထွက်သော (ကရုဏာတရား) မိမိသာ အနာခံသော (ခန္တီတရား)ကိန်းအောင်းနေသူပါတကား)။

ပတ္တမြားကြိုးကြာမျိုသည်ဆိုသောအသံသည် ကျောက်သွေးသမား၏နားမှတစ်ဆင့် နှလုံးသားထိတိုင် အောင် ရိုက်ခပ်၍ သွားလေတော့၏၊ ထို့ကြောင့် သူ၏ စိတ်သည် တုန်လှုပ်သွားတော့၏၊ မသိမှု၏ လှုံ့ဆော်မှုကြောင့် မလုပ်သင့်သည်ကို သူလုပ်လိုက်မိ၏၊ ယခု သူလုပ်ရပ်မှားကြောင်း သိသွားပြီးဖြစ်၏၊ အမှားကို လွန်ကျူးသူ၏စိတ်သည် တည်ငြိမ်မရှိနိုင်တော့။

စိတ်မတည်ငြိမ်၍ စိတ်၏တည်ရာ နှလုံးအိမ်လည်း မတည်ငြိမ်တော့၊ ထိုအခါ နှလုံးသွေးများ လည်ပတ်စီး ဆင်းရာ တကိုယ်လုံးသည်လည်း တည်ငြိမ်မှု မရှိတော့၊ ထို့ကြောင့် ကျောက်သွေးသမားသည် တုန်ယင်သော စိတ် တုန်ယင်နေသော လက်ဖြင့် ဓားကိုမနိုင်တစ်နိုင် ဆွဲကိုင်၍ကြိုးကြာ၏ ၀မ်းဗိုက်ကို ခွဲစိတ် လိုက်လေတော့၏၊ ထိုအခါ အစာအိမ်ထဲမှာ ပတ္တမြားကိုကျောက်သွေးသမားသည် မျက်ဝါးထင်ထင် မြင် လိုက်တွေ့လိုက်ရတော့၏၊

ကျောက်သွေးသမားသည် အတွေးမှား၍ အပြောအဆို ( စွပ်စွဲမှု ) မှားခဲ့လေပြီး၊ အပြောမှား ရုံတွင်မရပ် လက်လွန်ခြေလွန်အဆင့်ထိ အပြုအမူပင် မှားခဲ့လေပြီး၊ သူ၏ အမှားကြောင့် ကိုယ်ကျင့်ဖြူစင်သော ရဟန်းတော် ဓားစာခံအဖြစ် နှိပ်စက်မှုအကြီးအကျယ် ခံစားခဲ့ရလေပြီ။

“ ပြုသူအသစ် ခံသူအဟောင်း ” ဟု သူဟောင်းရှေးက ဆိုကုန်ကြလည်း ပြုသူသည် အသစ်မှန်သော်လည်း ခံရသူတိုင်း အဟောင်းဖြစ်ချင်မှ ဖြစ်ပေမည်၊ ခံသူအဟောင်းဟူသည် စိတ်၏သက်သာရာ ဖြေတွေး ( ယော နိသော မနသိကာရအနေအားဖြင့် ) တွေးဟန် ဖြစ်တန်ရာပါ၏၊

ကျောက်သွေးသမားသည် “ ငါ - သားသမီးမှ တစ်ပါး ” တစ်ခြားဖြစ်နိုင်ချေရှိသူသည် ရဟန်းသာ ဖြစ်ရမည်ဟု တွေးခဲ့၏၊ ယခုတော့ သူထင်မှတ်ထားသော ရဟန်းမဟုတ်ပဲ သူထင် မထားသော ကြိုးကြာဖြစ်နေသည်ကို မြက်ဝါး ထင်ထင် မြင်တွေ့လိုက်ရလေပြီး၊

“ ငါမှားလေပြီ ” တဲ့။
နှုတ်ဖျားမှ ထွက်လာသော အသံတော့ မဟုတ်၊ ရင်ထဲမှာပင် မိမိတယောက်တည်း ကြားရုံသာပြောနေ မိသော စိတ်၏ ပဲ့တင့်သံဖြစ်ပါ၏၊အမှန်အားဖြင့် ပတ္တမြားကို တွေ့ရ၍ ကျောက်သွေးသမား ၀မ်းသာရ မည်ဖြစ်၏၊ သို့သော် သူဝမ်းမသာနိုင်ဖြစ်နေ၏။ သူ၏နှလုံးသားသည် ၀မ်းသာရမည့်အစား အကြီးမား ဆုံးသော တုန်ုလှုပ်မှုကြီးကို သူခံစားနေရလေပြီ၊

ရဟန်းတော်သည် ကြိုးကြိုမျိုသည်ကို မြင်ရပါလျှက် “ ကြိုးကြာမျိုသည်ဟု မပြောပဲ၊ ဘုန်းဘုန်းမယူပါဟုသာ “ ပြောခြင်းသည် ကြိုးကြာကို ငဲ့၍ ပြောခြင်း ဖြစ်ချေသည်တကား၊ ကြိုးကြာမျိုသည်ဟု ပြောလိုက်လျှင် သူ ဆင်းရဲဒုက္ခမှ လွတ်မြောက်မည်ဟု သိသော်လည်း မိမိအပြောပယောဂကြောင့် ကြိုးကြာဒုက္ခရောက်မည် ကို မြင်၍ အသက်နှင့်လဲကာ ထိမ်းသိမ်းပေသောအရှင်မြတ်ပေတကား၊ ယင်းကဲ့သို့သော အဆင့်မြင် သူတော်စင်ကိုငါမညှာမတာစွပ်စွဲမိသည့်အပြင် ကိုယ်ထိလက်ရောက် ပြင်းထန်စွာပင် နှိပ်စက်မိခဲ့ချေပြီတ-
ကား၊ ငါ … ငါ … ငါ… ……..

ကျောက်သွေးသမား၏ မျက်ဝန်းမှ ၀မ်းနည်းမျည်ရည်များ နောင်တမျက်ရည်များဖြစ်သည့် မျက်ရည် ပူများသည် တသွင်သွင် စီးကျနေလေပြီ၊ ထို့နောက်တော့ ရဟန်းတော်၏ ခြေရင်း ၀ပ် စင်းကာ “ အရှင် ဘုရား တပည့် တော်ကို ခွင့်လွှတ်ပါဘုရား ” လို့ မလျှောက်ရဲလောက်အောင် မိုက်တွင်းနက်သော တပည့် တော်ကို သနားသောအားဖြင့် ခွင့်လွှတ်တော်မူပါဘုရား။


ဒကာ သင့်မှာလည့်း အပြစ်မရှိ ၊ ငါ့မှာလည်း အပြစ်မရှိ ၊ ၀ဋ်ကျွေးရှိ၍ ကံဟောင်းဆပ်ရခြင်းသာ ဖြစ်ပါ၏၊ အသင် ဒကာကို ဘုန်းဘုန်း သိခံ ခွင့်လွှတ်ပါ၏။

အရှင်ဘုရား တပည့်တော်ကို သိခံခွင့်လွှတ်တော်မူပါလျှင် “ ယခင်အတိုင်းပဲ တပည့်တော်တို့ အိမ်ကို ဆွမ်းခံ ကြွတော်မူပါဘုရား ” ဟု ( မိမိ မိုက်ပြစ်ကြောင့် ) မရဲတရဲ လျှောက်ထားလေ၏၊

ထိုအခါ ရဟန်းတော်က “ ငါသည် ယခုအချိန်မှစ၍ သူတစ်ပါးတို့၏ အိမ်အမိုးအတွင်းသို့ မည်သည့် အကြောင်းကြောင့်မျှ မ၀င်တော့၊ ယခုကဲ့သို့ မဟုတ်မမှန် စွပ်စွဲခံရခြင်း ၊ ကိုယ်ထိလက်ရောက် ပြင်းထန်စွာ နှိပ်စက်ခံရခြင်းသည် အိမ်အမိုးအတွင်းသို့ ၀င်ရောက်မိခြင်း၏ အပြစ်ဖြစ်ပေ၏၊ ”ဟု မိန့်တော်မူပြီးလျှင် ယနေ့ ယခုအချိန်မှ အစပြု၍ ခြေထောက်နှစ်ခြောင်း လှုပ်ရှားနိုင်သမျှ ရွေ့ရှားနိုင်သမျှ ကာလပါတ်လုံး အိမ်တံခါးဝ၌သာရပ်လျှက်ဆွမ်းကိုခံယူပေတော့အံ့ဟု(အစ၌ ဖေါ်ပြခဲ့သော ဂါထာကို နှုတ်မြွက်တော်မူကာ) ဓုတင် အကျင့်ကို ဆောက်တည်တော်မူ၏။

ရဟန်းတော်သည် ကျောက်သွေးသမား၏ နှိပ်စက်မှု ဒဏ်ချက်ဖြင့်ပင် ၀ိပါက်နာမက္ခန္ဓာကဋတ္တာရုပ် အကြွင်း အကျန် မရှိသော “ ခန္ဓပရိနိဗ္ဗာန် ” ၀င်စံတော်မူသွားရပါ၏။

ကြိုးကြာငှက်သည် စိတ်ထားနူးညံ့သော ကျောက်သွေးသမားဇနီး၏ ၀မ်းကြာတိုက်၌ စွဲပိုက် သန္ဓေ တည်လေ၏၊ ကျောက်သွေးသမားသည် ကွယ်လွန်သောအခါ ငရဲ၌ ကျရောက်ရလေ၏၊ ကျောက်သွေးသမား ဇနီးသည်သည်ကား မထေရ်မြတ်အပေါ်၌ ထားရှိသော ကြည်ညိုစိတ်နူးညံ့စိတ်ကြောင့် ကွယ်လွန်သောအခါ နတ်ပြည်၌ ဖြစ်ရ၏
ထိုအဖြစ်အပျက် ခိုင်မာကြောင်းကို ဂါထာလေးက ယနေ့ထက်တိုင် သက်သေအဖြစ် ရပ်တည်နေပါ၏။

ဂဗ္ဘမေကေ ဥပ္ပဇ္ဇ န္တိ ၊ နိရယံ ပါကကမ္မိနော
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗ န္တိ အနာသ၀ါ


အတွေးမှားခြင်း အပြုမှားခြင်းဘေးမှ ကင်းဝေးကြ၍ အပါယ်ဘေးမှ ကင်းဝေးနိုင်ကြပါစေ…
မူရင်းက..ဒီမှာပါ မြန်မာပြည်ရောက်တုံး အလင်းသစ်စာလေးတွေ ကောင်းလို့ အမှတ်တရပေါ့..

ပုထုဇဉ်၏ သဒ္ဓါတရား(၁ )


ဤအိမ်သို့ ဆွမ်းခံကြွလာခဲ့သည်မှာ တယ်ဆယ့်နှစ်နှစ်ပင် ရှိခဲ့ပေပြီ၊အနေကြာ အသိကြာလာခဲ့ပြီမို့ မိသား စုဝင်လိုပင် ဖြစ်နေရကားအားလုံးက ဦးထိပ်မှာတင်ထားပြီး မိဘအရာ သံဃာ့အရာထားကာ ပြုစုလုပ်ကျွေး ကိုးကွယ်လာခဲ့သည်မှာ ယနေ့ထိပင် ဖြစ်၏။

သို့သော် ယနေ့ ကြုံတွေ့လိုက်ရသော အဖြစ်ဆိုးသည် ရဟန်းတော်အတွက် တစ်သက်တာထိတ်လန့်ဖွယ် သံဝေဂရဖွယ် သင်္ခန်းစာ ဖြစ်သွားတော့၏၊ ထို့ကြောင့်လည်း နှုတ်မှပင် မြွက်၍ အဓိဋ္ဌာန်ဆောက်တည်လိုက် လေ၏၊ ရဟန်းတော် အဓိဋ္ဌာန်လိုက်သော အဓိဋ္ဌာန်ချက်မှာ..

ရဟန်းတစ်ပါးအတွက် အနည်းငယ် အနည်းငယ်သော ဆွမ်းသည် (သဒ္ဓါတရားရှိသော )အိမ်တိုင်း အိမ်တိုင်း ၌ ကျက်ပြီးသား ချက်ပြီးသား ဖြစ်၏၊ ငါ၏ သလုံးမြင်းခေါင်း ခြေနှစ် ချောင်းသည် သွားနိုင်သော စွမ်းအားရှိ သမျှ အိမ်အမိုးအောက်သို့ မ၀င် အပြင်မှပင် ရပ်ကာ ဆွမ်းခံ၍သာ ဘုဉ်းပေးတော့မည် … ဟူ၍ပင် ဖြစ်၏။

ပုထုဇဉ်၏ သဒ္ဓါတရားသည် ခိုင်မြဲသော အစလ သဒ္ဓါတရား မဟုတ်ချေ၊ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးသွားတတ်ပါ၏၊ အမြင် မကြည်လင်တော့သောအခါ ယုံ၍ ကြည်နေသော သဒ္ဓါတရားသည်လည်း မကြည်လင်နိုင်တော့ပဲ ရေခိုး ရေငွေ့ပမာ ပျက်ပျယ် ပျောက်ကွယ်၍ သွားတော့၏။ယင်းသို့ ပျောက်ကွယ် သွား ပုံကို “ တစ်ချိန်က သာဝတ္ထိပြည်၌ ဖြစ်ပျက်ခဲ့သော အရှင်တိဿ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်မှန်လေးက ” သက်သေအဖြစ် ယနေ့တိုင်အောင် ရှိနေပေ၏၊
(မှတ်တမ်း မတင်နိုင်သော ဖြစ်ရပ်မှန်များကား မည်မျှလောက် များပြားမည်ကို မသိနိုင်ပါချေ၊“ မရှိ ခိုးနိုးနိုး ” စကားလက်ကိုင်ထား၍ အပြစ်မဲ့သော အိမ်ဖေါ်လေးများ မည်မျှလောက်ညှဉ်းဆဲခံရသည် မည်မျှလောက် အသက် ဆုံးရှုံးသွားကြသည်ကို မည်သူတွေ သိနိုင် ပါမည်နည်း)။

အရှင်တိဿမထေရ်မြတ်သည်ပုံမှန်အတိုင်း ကျောက်သွေးသမားအိမ်သို့ဆွမ်းခံကြွ၍ ခင်းထားသောနေရာ- ၌ဣနြေ္ဒရစွာထိုင်နေ၏၊ကျောက်သွေးသမားသည်အသားစိမ်းကိုကိုင်နေချိန်ဖြစ်၏၊ ထိုအခိုက် ကောသလဘု ရင်မင်းမြတ်မှ ပတ္တမြားကို အချောကိုင်၍ အတွင်း၌ ရောင်စုံကြိုးလေးများထည့်ရန် နန်းတွင်းမှ လူ ယုံတော် တစ်ဦးကိုသူ့ထံသို့ စေလွှတ်လိုက်၏၊ ကျောက်သွေးသမားသည် သွေးပေနေသောလက်ဖြင့် ပတ္တမြားကို လက်ခံယူလိုက်ပြီး ပခြုပ်ပေါ်တင်ထားခဲ့၍ လက်ဆေးရန် အတွင်းလက်ဆေးအိုးရှိရာသို့ ၀င်သွား လေ၏။

ကြိုးကြာငှက်သည် သားစိမ်းအနံ့ခံရင်းမှ သွေးလူးနေသော ပတ္တမြားကို အသားတုံးမှတ်၍ ရဟန်းတော် ၏ ရှေ့မှာပင် နှုတ်သီးဖြင့် ဒေါက်ခနဲကောက်၍ မြိုချလိုက်လေတော့၏၊ အဖြစ်အပျက်သည် မြန်ဆန်လွန်း၍ ရဟန်းတော်သည်လည်း တားချိန်ပင် မရလိုက်တော့။

ကျောက်သွေးသမားသည် လက်ဆေးပြီး ပြန်ထွက်လာသောအခါ မိမိထားသော နေရာ၌ပတ္တမြားကို မမြင် ရတော့၊ ရင်ထဲ ထိတ်ကနဲ ဖြစ်သွား၏၊ ထို့ကြောင့် ဇနီးကို မေးကြည့်၏မယူ၊ သားသမီးများကို မေး ကြည့်ပြန် ၏ သူတို့ကလည် မယူပါတဲ့။ ဒါဆို ရဟန်းပဲဖြစ်ရမယ်၊ဇနီးက ရဟန်းတော်ယူတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ် လို့လဲဆိုတော့ ကျမတို့အိမ် ဆွမ်းခံကြွလာတာ ဆယ့်နှစ်နှစ်ရှိပြီ၊ အပြစ်အနာအဆာဆိုလို့ မှဲ့တစ် ပြောက် စာတောင် မတွေ့ဘူးဘူးလေ၊ ရဟန်းတော်ရဲ့ အတိတ်သမိုင်းကြောင်းဟာ သန့်တယ် ဖြူတယ် ရိုးသား တယ်၊ ရဟန်းမပီသတဲ့အပြောအဆို အနေအထိုင် ယနေ့ထိ ဘာတစ်ခုမှ မမြင် မကြားရသေးဘူး၊ စင်း လုံး ချော ဖြူစင်သန့်ရှင်းသော ရဟန်းတော်ဖြစ်တယ်။ ဒါကြောင့် တစ်ခြား အကြောင်း တစ်ခုခုပဲ ရှာဖွေ ရ မယ်၊ ရဟန်းတော်ကိုတော့ လုံးဝ မစွပ်စွဲပါနဲ့….....။ သို့သော် ဘုရင့်ပတ္တမြားပျောက်၍ ကြောက်စိတ်နှင့် အတူ ဒေါသထွက်နေ သော ကျောက်သွေးသမားသည်ကား….၊

ဘာပြောတယ်. ကိုယ်တော် မယူဘူး ဟုတ်လား၊ ကိုယ်တော်မယူ ဘယ်သူယူမလဲ၊ပြောစမ်း ပါအုံး၊ ဒီအိမ်မှာ ငါရယ် ဇနီးရယ် သားရယ် ဒါပဲရှိတယ်၊ သူတို့ကတော့ သေချာပေါက် မယူဘူး၊ အဖြေက ရှင်းရှင်းလေးပဲ သူတို့ မယူရင် တစိမ်းဆို ကိုယ်တော်ပဲ ရှိတယ်၊ ကိုယ်တော်မယူ တစ်ခြားဘယ်သူ ယူမလဲ ပြောစမ်းပါအုံး၊ မှန်မှန်ပြောနော်၊ကိုယ်တော်ကို သနားလို့ ပါးစပ်နဲ့ စစ်မေးနေတာ၊ ကြာရင် လက်ပါ ပါလာမယ်၊ ကြားရဲ့လား ပြောနေတာ..။
( ယခင်က အရှင်ဘုရားဟုလည်းကောင်း တပည့်တော်ဟုလည်ကောင်း သုံးနေသော နှုတ်ခမ်းလွှာသည် ယခုတော့ ကိုယ်တော်ဟူသော အသုံး၊ ငါဟူသော အနှုံးတို့ကို တွင်တွင်ကြီးသုံးလျှက် ယခင်က လက်အုပ် ချီခဲ့ သော လက်ချောင်းလေးများသည် ယခုတော့ လက်ညှိုးငေါက်ငေါက်ထိုးလျှက်… အော် အပြာင်းအလွဲ ဖြစ်တတ်သော ပုထုဇဉ်၏ သဒ္ဓါတရားပါ တကား)။ ဘုန်းဘုန်း အမှန်တကယ်ပင် မယူပါဘူး ဒကာရယ်၊

ရဟန်းတော်က အမှန်ပင်မယူ၍ မယူပါလို့ ပြောနေပါလျှက် ကျောက်သွေးသမားက မယုံနိုင်ပဲ ဖြစ်နေ၏၊ ဇနီးကို တိုင်ပင်ပြန်၏၊ သူခိုးကတော့ ခိုးတယ်လို့ လွယ်လွယ်နဲ့ ၀န်ခံမှာမဟုတ် ဘူး၊ဒါကြောင့် အကြမ်း နည်း နှင့် စစ်မေးမှ ဖြစ်တော့မယ်၊ ဇနီးသည်သည် စိတ်ကောင်းရှိသူ ဖြစ်၏၊ ငါမယူ သူပဲဟူသော ရိုးစင်း လွန်း သော အယူအဆ ကောက်ချက်သည် တစ်ထစ်ချ မှန်ကန်သည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ပေ၊ငါ . သူမှ တစ်ပါး အခြားတတိယသည်လည်း ရှိနိုင်သေးသည်၊ ဒါကြောင့် ရဟန်းတော်က အမှန်ပင် မယူ၍ မယူဟု ပြောတာ ဖြစ်နိုင်ပါတယ်၊ အပြစ်မဲ့သူကို အကြမ်းဖက်နည်းသုံးပြီး မနှိပ်စက်မစွပ်စွဲပါနဲ့၊ အပြစ်မဲ့သူကို နှိပ်စက် ခြင်းသည် မိမိကိုယ်ကို နှိပ်စက်ရာ ရောက်ပါသည်၊ ကျမတို့ မိသားစု ဘုရင့်ဘဏ္ဍာ မလျှော်နိုင်၍ ကျွန်အဖြစ် ခံယူချင်ခံယူပါရစေ၊ ရဟန်းတော်ကိုတော့ အကြမ်းဖက်နည်းသုံး၍ မစစ်ရန်အတွက် စိတ်ထားဖြူစင် နူးညံ့ သော အပြစ်မရှိသူကို အပြစ်မရှာ တတ်သော ဇနီးသည်က တောင်းပန်ရှာပါ၏၊ သို့သော်….

ဘာပြောတယ်၊ ကိုယ်တော် မယူဘူး ဟုတ်လား ၊ ဒါဆိုလည်း ယူတယ်လို့ ၀န်ခံတဲ့နည်းကြမ်းကို သုံးရတော့ မှာပေါ့၊ ကျောက်သွေးသမားသည် အပြစ်မဲ့သော ကိုယ်ကျင့်ဖြူသော တရားပြည့်ဝသော သူတော်စင် ရဟန်း တော်၏ဦးခေါင်းကို ကြိုးဖြင့် တင်းကျပ်နေအော် ချည်နှောင်လေတော့၏၊ ထို့နောက်တော့ စစ်မေး လိုက် မာ ကြောသော ဒုတ်ဖြင့်ရိုက်လိုက်....... ဤသို့ဖြင့် ရဟန်းတော်၏ ဦးခေါင်း နားရွက် နှာခေါင်းတို့မှ အနီရောင် သွေးများကား ဖြာကနဲ ဖြာကနဲ.........၊

ရိုက်ချက်ပျင်းလွန်း၍မျက်လုံးများလည်း ပေါက်ကွဲထွက်မတတ်ခံစားနေရပြီး၊ ယခင်က နေရာအခင်း လေးပေါ် သီတင်းသုံးနေသော ရဟန်းတော်လေးသည် ယခုတော့ မြေပြင်မှာ ပြားပြားဝပ်လျှက် ရိုက် ချက် ကြောင့် ဖြစ်ပေါ်လာသော ဝေဒနာဒဏ်ကို ခါးသီးစွာခံစားရင်း သတိမေ့မသွားအောင်ပင် အထူးသတိ ထားနေရ ၏၊ ကျောက်သွေးသမား၏ အိမ်လေးသည် ယခုတော့ နွားသတ်ရုံကဲ့သို ဖြစ်နေချေပြီ၊ ရဟန်းတော်၏ ဦး - ခေါင်း နှာခေါင်း နားတို့မှ ယိုစီးကျလာသော သွေးအိုင်များ သွေးအနံ့များသည်ကား မြင်၍မကောင်း နံ၍မကောင်း အောင်ပင် ဖြစ်နေပေပြီ၊

သားစိမ်းငါးစိမ်း ဖားစိမ်းကို ကြိုက်တတ်သော အိမ်အလှမွေး ကြိုးကြာငှက်လေးသည်သွေးနံသင်းသင်းရ၍ အပြေးအလွှားရောက်လာကာ ရဟန်းတော်၏ကိုယ်မှ ယိုစိမ်းစီးကျလာသော သွေးများကိုအငမ်းမ ရ မြိန် မြိန် ယှက်ယှက် သောက်နေတော့၏၊လူစိတ်မရှိ ဒေါသကြောင့် ဘီးလူးစိတ်ဝင်နေသော ကျောက်သွေး သမား ၏ဒေါသသည် ရဟန်းမှတစ်ဆင့်ကြိုးကြာငှက်ဆီသို့ ကူးသွားချေပြီ။ ထို့ကြောင့် မိမိမြတ်မြတ်နိုးနိုး မွေး မြူ
ထားသော ကြိုးကြာငှက်ကို ချေထောက်ဖြင့် ခပ်ပြင်းပြင်း ကန်ထည့်လိုက်ရာ တစ်ချက် တည်းဖြင့် ကြိုး ကြာငှက်သည်လည်း အသက်ထွက်သွားတော့၏၊

ကြိုးကြာငှက်၏်သွေးသောက်ဟန် ကျောက်သွေးသမား၏ ဒေါသဖြင့်ကန်ကျောက်ဟန် ကြိုးကြာငှက် တုန်း ခနဲပက်လက်လန် လဲကျသွားဟန်တို့ကို ရဟန်းတော်၏ မျက်ဝန်း၌ မှုံဝါးဝါး မြင်တွေ့လိုက်ရ၏၊ ထို့ကြောင့် ရ ဟန်းတော်က ဒကာတော် ဦးခေါင်း၌ ချည်နှောင်တုပ်ဖွဲ့ ရစ်ပတ်ထားသော ကြိုးကို လျှော့ပြီး ကြိုးကြာငှက် “ သေ - မသေ ”သေသေချာချာ ကြည့်လိုက်ပါဦးဟု လေသံခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်၏။ ထိုအ ခါ ကျောက် သွေးသမား ပြောကြား လိုက်သည်က “ ကြိုးကြာသေသလို ကိုယ်တော်လည်း သေရလိမ့်မယ်” တဲ့..။

ရဟန်းတော် သိလိုက်ပြီးဖြစ်၏၊ ကြိုးကြာငှက်သည် သေသွားလေပြီ၊ သေသွားပြီဆိုလျှင် “ပတ္တမြားကို ကြိုး ကြာ မျိုသည်” ဟု အမှန်အတိုင်းပြောလိုက်လဲ သေပြီးဖြစ်၍ မိမိမှာ အပြစ်မရှိတော့၊ အခြေအနေနှင့် အချိန် အခါအရ ယခုချိန် ဖွင့်ပြောလိုက်ခြင်းအားဖြင့် မိမိလည်းပတ္တမြားသူခိုးဟု မတရား စွပ်စွဲခံရခြင်းဘေးမှ လွတ် မြောက်မည်၊ သူတို့လည်းပဲ ပတ္တမြားကို ပြန်ရ၍ မင်းပြစ်မင်းဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု စဉ်းစား လိုက်၏၊

ထို့ကြောင့် ရဟန်းတော်က ဒကာအား လေသံပျော့ပျော့လေးဖြင့် ပြောကြားလိုက်၏၊ “ ပတ္တမြား ကြိုးကြာမျို သည်”ဟု။ ရဟန်းတော် ပြောလိုက်သောအသံမှာ တိုးတိုးလေးပင်ဖြစ်၏၊သို့သော် ရဟန်းတော်ထံမှ ထင်မှတ် မထား သောစကား ကြားလိုက်ရသောအခါ ကျောက်သွေးသမားသည် အင်အားပြင်းထန်သော မိုးကြိုးသံကို ကြားလိုက်ရသကဲ့သို့ နားထဲမှတဆင့် နှလုံးသားထိအောင် ကျယ်လောင်စွာ မြည်းဟည်းသွားတော့၏၊......
“ ပတ္တမြား ကြိုးကြာ မျိုသည်… ပတ္တမြား ကြိုးကြာ မျိုသည် …. ပတ္တမြား ကြိုးကြာ မျိုသည် … တဲ့။

လွမ်းနေမှာလား.

အင်း..ပြန်ရတော့မယ်ဆိုတော့လဲ ကျော်ရ ခွရတာလေးတွေတော့ သက်သာပြီပေါ့ ..
လွမ်းပြီးကျန်ခဲ့ပေတော့ ရွှေမြန်မာပြည်လေးရေ .. ခဏတာလေးပါ နော်.

Monday, August 1, 2011

ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ

လူအများ မကြာခဏ မေးလေ့ရှိသည့် မေးခွန်းတစ်ခုကို ဆွေးနွေးချင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ဘာကွာပါသလဲ? အကြောင်းအရာများကို မှန်ကန်သည့် ရှု့ဒေါင့်မှ ကြည့်မြင် သုံးသပ်နိုင် ရန်အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းအစကို ပြန်လှန်ရပါမည်။ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ အစနှင့် စည်ပင်ပြန့်ပွားလာမှုကို ခြေရာခံရပါမည်။

ဘီစီ ခြောက်ရာစုတွင် ဗုဒ္ဓမြတ်စွာ မွေးဖွားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် သက်တော် ဆုံးဆယ့်ငါးနှစ်အရွယ် ဘုရားဖြစ်တော်မူချိန်မှ သက်တော် ရှစ်ဆယ်အရွယ် ပရိနိဗ္ဗာန်စံတော်မူချိန်အထိ တရားဒေသနာ ဟောကြားခြင်းဖြင့်သာ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ လူ့သမိုင်းတွင် လုံးလဝီရိယအား အကြီးဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်ပါသည်။ လေးဆယ့်ငါးနှစ်ပတ်လုံး တစ်နေ့လျှင် နှစ်နာရီခန့်သာ အိပ်စက် အနားယူကာ နေ့ရောညပါ တရားဟောကြားခဲ့သည်။

မြတ်စွာဘုရားသည် မင်း၊ မင်းညီမင်းသား၊ ပုဏ္ဏား၊ သူကြွယ်၊ လယ်သမား၊ သူတောင်းစား၊ ပညာရှိစသည်ဖြင့် လူတန်းစားပေါင်းစုံနှင့် စကားပြောခဲ့၊ တရားဟောခဲ့သည်။ သူဟောသည့် တရားတော်တို့မှာ နာကြားသူ ပရိသက်၏ အတွေ့အကြုံ၊ နားလည်နိုင်မှုစွမ်းအား၊ စိတ်နေသဘောထားတို့နှင့် အံဝင်ခွင်ကျ ဖြစ်သည်ချည်းသာ။ သူဟောသည့် တရားတော်တို့ကို “ဗုဒ္ဓဝစန” “ဘုရားစကားတော်” ဟု ခေါ်ဆိုခဲ့၊ သုံးနှုံးခဲ့ပါသည်။ ထိုအချိန်က ထေရဝါဒ (သို့မဟုတ်) မဟာယာနဟု ခေါ်ဆိုသုံးနှုံးခြင်း မရှိခဲ့ပါ။

မြတ်စွာဘုရားသည် ဘိက္ခုသာသနာနှင့် ဘိက္ခုနီသာသနာနှစ်ရပ်ကို တည်ထောင်တော်မူပြီးနောက် ထိုသာသနာတော် နှစ်ရပ်လုံးကို ထိန်းကျောင်းနိုင်ရန် "ဝိနယ"ဟု ခေါ်ဆိုသည့် စည်းမျည်းစည်းကမ်းတို့ကို ချမှတ်တော်မူခဲ့သည်။ ကြွင်းကျန်သည့် မြတ်စွာဘုရား၏ တရားတော်မှန်သမျှကိုပင် "ဓမ္မ" ဟု ခေါ်ဆိုရပါသည်။ ထိုဓမ္မတွင် ရဟန်းတော်များ၊ ရဟန်းမများ၊ ဥပသကာ၊ ဥပသိကာများအား ဟောကြားခဲ့သည့် တရားတော် အားလုံး ပါဝင်သည်။

ပထမသင်္ဂါယနာ

မြတ်စွာဘုရားပရိနိဗ္ဗာန်စံအပြီး သုံးလအကြာ ဘုရားရှင်၏ တပည့်သာဝကကြီးများသည် ရာဇင်္ဂြိုလ်ပြည်တွင် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အများက လေးစားကြည်ညိုကြသည့် အရှင်မဟာကဿပမှ သင်္ဂါယနာကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓမ္မနှင့်ဝိနယဟူသော နယ်ပယ်နှစ်ခုကို အထူးပြု လေ့လာခဲ့ပြီး အာဂုံဆောင်သူ အာဂပုဂ္ဂိုလ်ကျော် နှစ်ပါးလည်း တက်ရောက်ခဲ့သည်။ တစ်ပါးမှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်တို့ကို အနီးကပ် ပြုစုခဲ့သူ၊ ဘုရားရှင်နှင့် အနီးဆုံးနေရာတွင် နေထိုင်ခဲ့သူ အရှင်အာနန္ဒာဖြစ်သည်။ အံဖွယ် မှတ်ဉာဏ်ရှင် အရှင်အာနန္ဒာမှာ မြတ်စွာဘုရား ဟောကြားခဲ့သမျှ တရားတော်တို့ကို အာဂုံဆောင်နိုင်သူ ဖြစ်သည်။ အခြား အာဂပုဂ္ဂိုလ်တစ်ဦးမှာ ဝိနည်း ပညက်တော်အားလုံးကို မှတ်မိသူ အရှင်ဥပါလိပင် ဖြစ်သည်။

ပထမသင်္ဂါယနာတွင် ဓမ္မနှင့်ဝိနယဟူသော ကဏ္ဍကြီးနှစ်ခုသာ ရွက်ဆို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဓမ္မနှင့် ပက်သက်၍ ကွဲပြားခြားနားသည့် အမြင်မရှိခဲ့သော်လည်း (အဘိဓမ္မာအကြောင်း မဖော်ပြခဲ့) ဝိနည်းနှင့် ပက်သက်၍မူ ဆွေးနွေးစရာအချို့ ရှိခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် ဘုရားရှင်သည် အရှင်အာနန္ဒာအား “သံဃာက အလိုရှိခဲ့ပါမူ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် (သိက္ခာပုဒ် အသေးစား) တို့ကို ဖြုတ်ပယ်နိုင်ကြောင်း” မိန့်တော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန် စံတော်မူခါနီးဖြစ်၍ အရှင်အာနန္ဒာ၏ရင်တွင် သောကတို့ဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ အဘယ်သိက္ခာပုဒ်တို့ဖြစ်ကြောင်း မြတ်စွာဘုရားကို မေးမြန်းရန် မေ့လျော့နေခဲ့သည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့နှင့် ပက်သက်၍ သင်္ဂါယနာတင် မထေရ်တို့အကြား သဘောမတူနိုင်ဘဲရှိရာ အရှင်မဟာကဿ မထေရ်မြတ်ကြီးက ဘုရားပညက်ခဲ့သည့် သိက္ခာပုဒ်တို့ကို ပြင်ဆင်ခြင်း မပြုရန်နှင့် သိက္ခာပုဒ် အသစ်တို့ကိုလည်း ဖြည့်စွက်ထည့်သွင်းခြင်း မပြုရန် နောက်ဆုံး ဆုံးဖြတ်ချက် ပေးတော်မူခဲ့ပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးခဲ့သော်လည်း စကားတစ်ခွန်းကိုတော့ အရှင်မဟာကဿပ မထေရ် ပြောခဲ့သည်။ “တပည့်တော်တို့အနေနှင့် ဝိနည်း ပညက်တော်တို့ကို ပြင်ဆင်ကြမည်ဆိုလျှင် လူတို့ ပြောဆိုစရာ ဖြစ်လိမ့်မည်။ သူတို့ဆရာသခင်၏ ခန္ဓာကိုယ် မီးရှို့ရာ လောင်တိုက်မှ မီးမဆဲခင် ဂေါတမဘုရားရှင်၏ တပည့်တို့သည် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ကြလေပြီ”

ပထမသင်္ဂါယနာအပြီး ဓမ္မကို နိကာယ်အလိုက်ခွဲကာ နိကာယ် တစ်ခုချင်းစီအတွက် မြတ်စွာဘုရား၏ သာဝကကြီး တစ်ပါးစီနှင့် ၎င်း၏ တပည့်တို့ကို အာဂုံဆောင်ရန် တာဝန်ခွဲပေးလိုက်ပါသည်။ ဤသို့ဖြင့် ဓမ္မကို အာဂုံဆောင်ကာ ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ နှုတ်ပယ်ခြင်း၊ ဖြည့်စွတ်ခြင်းမပြုနိုင်ရန် အချင်းချင်း ပြန်လည်တိုက်ဆိုင် စစ်ဆေးကာ ဓမ္မကို အုပ်စုလိုက် နေ့စဉ် အာဂုံရွက်ဆိုခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုကို နှစ်ပေါင်း များစွာကြာမှ ပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်မိသလောက် ရေးသားထားသည့် မှတ်တမ်းထက် ဆရာစဉ်ဆက် အာဂုံဆောင်သည့် အလေ့အထက ပို၍ ယုံကြည်ကိုးစားနိုင်ကြောင်း သမိုင်းပညာရှင်တို့မှ သဘောတူကြသည်။

ဒုတိယသင်္ဂါယနာ

နှစ်ပေါင်း တစ်ရာအကြာ, ဝိနည်းသိက္ခာပုဒ်အချို့ကို ဆွေးနွေးရန် ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာတွင် ပြုလုပ်သည့် ပထမသင်္ဂါယနာ တင်ချိန်တွင် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ဖြည့်စွတ်ရန် မလိုခဲ့ပါ။ ထိုတိုတောင်းလှသော အချိန်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ပြောင်းလဲမှုဖြစ်စဉ် အနည်းအကျဉ်းသာ ရှိနိုင်သောကြောင့်ပင်။ နှစ်ပေါင်း တစ်ရာ အကြာမှာတော့ ရဟန်းအချို့သည် သိက္ခာပုဒ် အငယ်စားတို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ယူဆလာကြသည်။ ရှေးရိုးစွဲ ရဟန်းတော်တို့က မည်သည့်သိက္ခာပုဒ်ကိုမျှ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ပြောဆိုကြသည်။ နောက်ဆုံးမှာတော့ ရဟန်းတော်တစ်စုသည် သင်္ဂါယနာမှ ဖဲခွါကာ မဟာသံဃိကဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ မဟာသံဃိကဟု ခေါ်ဆိုခဲ့သော်လည်း မဟာယာနဟု သုံးနှုံးခဲ့ခြင်း မရှိပါ။ ဒုတိယသင်္ဂါယနာ၌ ဝိနည်းပိဋကတ်တွင် ပါရှိသည့် အကြောင်းအရာအချို့တို့ကိုသာ ဆွေးနွေးခဲ့ကြပြီး ဓမ္မနှင့် ပက်သက်၍မူ အငြင်းပွားစရာ တစုံတရာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပါ။

တတိယသင်္ဂါယနာ

ဘီစီသုံးရာစု၊ အသောကမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးရှိ ရဟန်းတော်တို့အကြား ကွဲပြားနေသည့် အမြင်တို့ကို ဆွေးနွေးနိုင်ရန် တတိယသင်္ဂါယနာ တင်ပွဲကို ကျင်းပခဲ့သည်။ ဤတတိယသင်္ဂါယနာအတွင်း ဆွေးနွေးမှုသည် ဝိနည်း ပညက်ချက်တို့နှင့် ပက်သက်သည့် အကြောင်းအရာတို့သာ မကတော့ဘဲ ဓမ္မနှင့် ပက်သက်သည့် အချက်အလက်တို့ပါ ပါဝင်လာသည်။ သင်္ဂါယနာအဆုံးတွင်တော့ ဦးစီးနာယက အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဂိုဏ်းအသီးသီးတို့၏ မှားယွင်းသော အမြင်၊ အယူအဆတို့ကို ရှင်းလင်းချက်ထုတ်ကာ ငြင်းပယ်သည့် ကထာဝတ္ထုကျမ်းကို ပြုစုတော်မူခဲ့သည်။ တတိယသင်္ဂါယနာတွင် လက်ခံ အတည်ပြုခဲ့သည့် ဗုဒ္ဓတရားတော်တို့သည်ပင် ထေရဝါဒအဖြစ် ထင်ရှားခဲ့ပေသည်။ တတိယသင်္ဂါယနာမှ အဘိဓမ္မာကို ပိဋကတ်တစ်ပုံအဖြစ် သက်မှက်ကာ ပိဋကတ်ထဲ ထည့်သွင်းခဲ့ပါသည်။

တတိယသင်္ဂါယနာအပြီး အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒသည် တတိယသင်္ဂါယနာတွင် စုပေါင်းရွက်ဆို အတည်ပြုခဲ့သည့် ပါဠိတော်တို့ကို ၎င်းတို့၏ အဋ္ဌကထာတို့နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သီရိလင်္ကာသို့ သယ်ဆောင်ခဲ့သည့် ပိဋကတ်သုံးပုံကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ယနေ့တိုင် ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။ ထိုကျမ်းစာတို့ကို မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က အသုံးပြုခဲ့သည့် မာဂဓီဘာသာကို အခြေခံသော ပါဠိဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုအချိန်က မဟာယာနဟူ၍ ထင်ရှားမရှိသေးပါ။

မဟာယာန စတင်ပေါ်ပေါက်လာပုံ

ဘီစီ တစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာနဟူသော အသုံးအနှုံး နှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင်တော့ မဟာယာနဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရသည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသော ကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေးအခေါ်အယူအဆကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ အေဒီ လေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပက်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသားခဲ့ကြသည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသော အသုံးအနှုံးနှစ်ခုကို စတင် သုံးစွဲလာကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့အနေနှင့် ဟီနယာနနှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုံး တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာနဗုဒ္ဓဘာသာ လုံးဝ မပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယနိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်းကြသောအခါ ဟီနယာနဟူသော အသုံးအနှုံးကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာတို့၏ သမိုင်းအကျဉ်း ဖြစ်သည်။

ထေရဝါဒနှင့်မဟာယာန

ထေရဝါဒနှင့် မဟာယာနတို့၏ ကွဲပြားခြားနားချက်တို့ကို ကြည့်ကြစို့။ ကျွန်ုပ်အနေနှင့် မဟာယာန ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ လေ့လာလေလေ ဗုဒ္ဓဘာသာ၏ အဓိကတရားတော်တို့နှင့် ပက်သက်၍ ထေရဝါဒနှင့် မဟာယာနတို့အကြား ကွဲပြားခြားနားချက်ကို ရှာရန် ခက်လေလေ ဖြစ်သည်။

၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။
၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။
၃။ မဂ္ဂင်ရှစ်ပါးမှာလည်း ချွတ်ဆွတ်တူသည်။
၎။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်း တူသည်။
၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆကိုလည်း နှစ်ဂိုဏ်းလုံးက ပယ်ကြသည်။
၆။ ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှုမရှိဘဲ လက်ခံကြသည်။

အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော်များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲ လက်ခံထားကြသည်။

ကွဲပြားသည့် အချက်အချို့လည်း ရှိပါသေးသည်။ သိသာထင်ရှားသည့် အချက်မှာ ဘုရားလောင်း အယူအဆ ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် နောက်ဆုံး ဘုရားအဖြစ်ကို ဦးတည်သည့် ဘုရားလောင်းဝါဒကို လက်ခံပြီး ထေရဝါဒက ရဟန္တာဖြစ်ရေးကိုသာ အဓိကထားသည်ဟု လူအများက ပြောဆိုကြသည်။ ကျွန်ုပ်အနေနှင့် မြတ်စွာဘုရားသည်ပင် ရဟန္တာတစ်ပါး ဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့် သာဝကတစ်ဦးသည်လည်း ရဟန္တာများပင် ဖြစ်ကြသည်။ မဟာယာန ကျမ်းစာများက ဟီနယာနဟူသော အသုံးအနှုံးကို အသုံးပြုလေ့ မရှိကြပါ။ ၎င်းတို့က ဗောဓိသတ္တယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာနဟူသော သုံးမျိုးသာ အသုံးပြုကြသည်။ ထေရဝါဒမှာတော့ ထိုသုံးမျိုးကို (ယာနအစား) ဗောဓိ-ဟု ခေါ်ဝေါ်သုံးနှုံးပါသည်။

အချို့သူများက ထေရဝါဒမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးတောလေ့ ရှိကြသည်။ သူတို့က ထေရဝါဒမှာ ကိုယ့်ဘဝလွတ်မြောက်မှုအတွက် အားထုတ်ရေးသည်သာ အဓိကကျကြောင်း သင်ကြားလေ့ရှိသည်ကို အကြောင်းပြကြသည်။ သို့သော် ၎င်းတို့ စဉ်းစားရမည်မှာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်အနေနှင့် နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှစ်ဂိုဏ်းလုံးက ယာနသုံးမျိုး (သို့မဟုတ်) ဗောဓိသုံးမျိုးကို လက်ခံကြသည်။ ဘုရားလောင်းလမ်းစဉ်ကို အမြင့်ဆုံးအဖြစ် သက်မှတ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ပုံပြင် ဒဏ္ဍာရီဆန်သည့် ဘုရားလောင်းများစွာ တီထွင်ခဲ့သည်။ ထေရဝါဒက ဘုရားလောင်းကို နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဘုရားအဖြစ်သို့ ရောက်ရှိရန် ပါရမီဖြည့်ရင်း လူသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားသူ လူသားတစ်ဦးအဖြစ်သာ ရှု့မြင်သည်။

ဗုဒ္ဓအမျိုးအစား

ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူ သမ္မာသမ္ဗုဒ္ဓ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သော်လည်း မြတ်စွာဘုရားထက် အရည်အချင်းနိမ့်သူ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့်သားတော် ရဟန္တာဖြစ်သူ သာဝကဗုဒ္ဓဟူ၍ ဗုဒ္ဓသုံးမျိုးရှိပါသည်။ ထိုဗုဒ္ဓသုံးမျိုးလုံး ရရှိခံစားရသည့် နိဗ္ဗာန်မှာ အတူတူပင် ဖြစ်သည်။ ကွဲပြားခြားနားသည်မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် အခြားဗုဒ္ဓနှစ်ပါးထက် အရည်အချင်းနှင့် စွမ်းဆောင်ရည် သာလွန်ခြင်းပင် ဖြစ်ပါသည်။

အချို့သူများက နာဂဇုနမထေရ် ဆွေးနွေးတင်ပြခဲ့သည် သုညတတရားတော်မှာ မဟာယာန သင်ကြားချက် စစ်စစ်ဖြစ်ကြောင်း ထင်မြင်ယူဆကြသည်။ အမှန်တကယ်တော့ မူရင်း ထေရဝါဒကျမ်းစာတို့တွင် တွေ့နိုင်သည့် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံသော အနတ္တတရားတော်ကို မှီးကာ ထိုသုညတအယူအဆကို ရေးသားခဲ့ခြင်း ဖြစ်သည်။

တစ်ခါကသော် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မေးလျောက်ခဲ့သည်။ “သုညတဟူသော စကားကို လူအများ ပြောဆိုကြပါသည်။ သုညတဆိုတာ ဘာကို ခေါ်တာပါလဲဘုရား” “အာနန္ဒာ, ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ လောကမှာ ငါ့ဥစ္စာဆိုတဲ့ သဘောတရားလဲ မရှိ။ ဒါ့ကြောင့် လောကကြီးက အနှစ်သာရမဲ့နေတယ်” ဟု မြတ်စွာဘုရားက ပြန်လည် ဖြေကြားခဲ့သည်။ နာဂဇုနမထေရ်သည် ထိုအယူအဆကို ကျောရိုးပြုကာ ထင်ရှားကျော်ကြားသည့် မဓျာမိကကာရိကာဟူသော ကျမ်းစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သုညတဝါဒမှာ ထေရဝါဒကျမ်းစာတို့ကို အခြေခံသည့် မဟာယာနဗုဒ္ဓဘာသာ၏ အာလယ၀ိညာဏ အယူအဆသာ ဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာက ထိုအယူအဆကို နက်နဲသည့် ဒဿနိကနှင့် စိတ်ပညာအဖြစ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

အောက်ပါ အင်္ဂလိပ်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။

Theravada - Mahayana Buddhism
Ven. Dr. W. Rahula
(From: "Gems of Buddhist Wisdom",
Buddhist Missionary Society, Kuala Lumpur, Malaysia, 1996)

မူရင်းဆောင်းပါးကြည့်ရန် Clickမူရင်းက ..ဒီမှာပါ..www.ashinlokapala.com/