အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, July 28, 2012

PH.D ကျောင်းသားတယောက်ရဲ့ ရင်ထဲမှာ

တနေ့က အမိတက္ကသိုလ်မှ ဆရာ(ဂုရုကြီး)တွေ သွားတွေ့လိုက်တယ်။ ဒီလကုန် PH.D ကျောင်းသားတယောက်ဖြစ်ဘို့ ရေးဖြေဖြေရမယ်ဆိုလို့ပေါ့။ သို့သော် အတိကျမသိခဲ့ရပါ။ ဆရာ တယောက်ဆီ ၀င်ရောက်မေးလိုက်တယ်။ ရက်အကန့်သတ်မရှိပါတဲ့ သူတို့လဲ ဘာမှမသိပါတဲ့လေ။ ခု အမိတက္ကသိုလ်သည် အစိုးရပိုင်ဆိုင်သည်တဲ့။ သူတို့လုပ်ပိုင်ခွင့်ဆိုတာမရှိတဲ့။ မိမိမှတ်မှတ်ရရ (ဗီဇာလေး ၂နှစ်ခွဲ) ရခဲ့လို့ ၁၅.၆.၂၀၁၀ နေ့ကပေါ့ ပျော်နေမိတယ်။ မနှစ်ကလဲ ၁၀ လကျော်ကျော် လာရောက်စောင့်ဆိုင်းခဲ့ပေမဲ့ အချိန်တန် အိမ်ကိုပြန်ခဲ့ရတယ်။ ဒီနှစ်လဲ စောင့်နေဆဲပါ မကြာခင် ၁၀ လ ပိုင်းဆိုရင် ဗီဇာကကုန်တော့မယ်။ ခုထိ PH.D ကျောင်းသားဆိုတာ မဖြစ်ခဲ့သေး။ အမှန်တော့ PH.D ကျောင်းသားတယောက်ရဲ့ မျှော်လင့်ရတဲ့အလုပ်တခုမလွယ်ရေးခြာ မလွယ်ကူလှ။ PH.D ကျောင်းသားသည် ဆရာတယောက်ကို ကျောင်းသား ၅ ယောက်သာလက်ခံခွင့်ရှိခဲ့တယ်။ မိမိတို့ပါဠိဋ္ဌာနမှ ဆရာက ၃ ယောက်ရှိတယ်ပေါ့။ မိမိတင်ခဲ့တဲ့ synopsis တင်ခဲ့တဲ့နှစ်သည် ၂၀၁၀ ခု နှစ်ကထဲက မိမိကဲ့သို့ PH.D ကျောင်းသားဖြစ်ဘို့ စောင့်ဆိုင်းနေကြရတဲ့ ကျောင်းသားတွေက ဒုနဲ့ဒေးပါ။ စုစုပေါင်း ၄၅ပါးပေါ့။ တချို့အမိမြန်မာပြည်မှာ တချို့ကြပြန်တော့လဲ မိမိကဲ့သို့ အိန္ဒိယနိုင်ငံရဲ့ ရာသီဥတု မညီမျှသောနေရာတခုမှာ အေးပြန်ရင်လဲ အရမ်းအေးတဲ့ဒေသ။ ပူပြန်ရင်လဲ အရမ်းပူလွန်းလို့ လက်တွေ ရင်ဘတ်တွေမှာ အပူဒဏ်ကြောင့် ခံခဲ့ရပါတယ်။ တကယ်တော့ PH.D ကျောင်းသားတယောက်ဖြစ်ဘို့ဆိုတာ လွယ်လင့်တကူမဖြစ်နိုင်ပါဘူး။ တချို့ကပြောကြတယ်လေ..။ငွေပေးရင် ရတယ်ဆိုတဲ့ အတွေးပိုင်ရှင်များ ငွေပေးလို့သာရမယ်ဆိုရင် မိမိ ၂ နှစ်တင်းတင်းပြည့်လိုနေခဲ့ပြီပဲ။ တနှစ်အိမ်ငှားးစရိတ် စားစရိတ်နဲ့ တလ ပျမ်းမျှ ဒေါ်လာ ၇၀ လောက်ကုန်ကျစရိတ်ကို “ရော့.အင့် “လို့ ပေးပြီးအမိမြန်မာပြည်မှာ ဒူးနှပ်နေမှာပေါ့။ ကိုယ်တကယ်မခံစားဘူးပါပဲ ငွေပေးရင် ဒေါက်တာရတာပဲဆိုတဲ့ ရွှေပါးစပ်ပိုင်ရှင်များ..ဘယ်သူမဆို အထင်နဲ့ပြောတတ်ကြပါတယ်.။ တကယ်တမ်းခံစားနေရတာက အိန္ဒိယနိုင်ငံမှာရှိတဲ့ မြို့ပေါင်းစုံမှာ နေထိုင်သီတင်းသုံးကာ နေထိုင်နေကြတဲ့ စာသင်သားရဟန်းတော်များအသိဆုံးပါ။ ကိုယ်စာကိုရေး ကိုယ်တေးကိုယ်ဆိုသလို.ဘာမဆို ကိုယ်တိုင် အပူဒဏ်အအေးဒဏ်ခံစားပြီး ကိုယ်တိုင်ချက်ပြုတ် ထမင်း ဟင်း မမည်သော ထမင်း ဟင်းများနဲ့ ဖွယ်ဖွယ်ရာရာ မရှိပေမဲ့ “ငယ်စဉ် ကိုရင်ဘ၀ကရွတ်ဆိုဆင်ခြင်ခဲ့တဲ့ “ဤသည့်စားဖွယ်အမယ်မယ်ကို မြူးရွယ်မာန်ကြွ လှပရေဆင်း ပြည့်ဖြိုးခြင်းငှာ မသုံးပါဘူး..စတဲ့ ဆွမ်းစားရန်ဆင်ခြင်ခဲ့တဲ့ကဗျာလေးကို အမှတ်ရစေခဲ့ပြီး အာဟာရမျှတရုံလေးနဲ့ ဘုဉ်းပေးကာ ပညာသင်နေခဲ့ကြရပါတယ်.။ တခါတရံ အမိမြန်မာပြည်ကို သတိရစိတ်တွေကရင်ထဲမှာ မွန်းကြပ်လို့နေခဲ့ရပါသေးတယ်။ မြတ်စွာဘုရား သစ္စာတရားတွေ ဟောဖေါ်ညွှန်ကြားခဲ့တဲ့ နယ်မြေတခုမှာ အသိတရားခေါင်းပါး ကိုရွှေကုလားတို့နိုင်ငံဖြစ်တဲ့ မဇ္ဈိမဒေသတနေရာမှာ အခက်ခဲလေးတွေ ရင်ဝယ်ပိုက် မတတ်တတ် ကုလားစကားလေးတွေနဲ့ နေနေကြတဲ့ မဇ္ဈိမဒေသ စာသင်သားတွေဟာ နေချင်လို့ ပျော်လို့လို့တော့မထင်လေနဲ့ မိမိတို့ရည်မှန်း မျှော်မှန်းတဲ့ ပန်းတိုင်ရောက်ခဲ့ရင် ရွှေကျောင်းကြီး ဟီးနေအောင်ဆောက်ပေးမယ်လို့ ဆိုခဲ့ရင်တောင် စဉ်းစားကြမဲ့သူတွေချည်းပါပဲ.။ ခု မိမိတို့တက္ကသိုလ်ရဲ့ ၂နှစ်တာစောင့်ဆိုင်းခဲ့သမျှ မကြာခင်အဖြေထွက်လေမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အတူ ခက်တာက မိမိတို့ဆရာတွေသည်ပင်လျှင် အတိကျမပြောနိုင်တာခက်နေမိ၏။ ဆရာတယောက်ကတော့ပြောတယ် ရက်အကန့်သတ်ချက်မရှိတဲ့။ တယောက်ကပြောတော့ ၁၀ လ ပိုင်းအတွင်းလုပ်ပေးမယ်တဲ့။ ကဲ ဗီဇာကလဲ မကြာခင်ကုန်တော့မယ်ဆိုတော့ ကံကောင်းခြင်းလက်ဆောင်တခု ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တော့..မဇ္ဈိမဒေသနဲ့ ရေစက်မကုန်ဘူးလို့ ယူဆရမယ်ပေါ့..။ တကယ်လို့များ..

Monday, July 16, 2012

ထူးထူးခြားခြား ဒီနေ့ဘလော့ရောက်လာသူအများဆုံးနေ့တနေ့ပေါ့။

ဒီနေ့ မိမိဘလော့အားလာရောက်လည်ပတ်သူအများဆုံးတွေ့ရပါတယ်။ အမိမြန်မာပြည်မှသူငယ်ချင်း ဒေါက်တာအစ္ဆရိယမှ အမှတ်တရ ပစ္စည်းလေးလူကြုံနဲ့ထည့်ပေးလိုက်လို့ BHU တက္ကသိုလ်မှာလာယူရင်း BHU တက္ကသိုလ်ရောက်ပြန်တော့လဲ မိမိနှင့်နယ်တူဖြစ်သော ဒေါက်တာအာဒိစ္စမှလည်းဒီနေ့ VIVA ထိုင်တဲ့နေ့မို့ BHU တက္ကလိုလ်မှသံဃာတော်များအားလည်း ဆွမ်းကပ်တာနဲ့ သွားကြုံကြိုက်ခဲ့သည်။ ဟင်းတွေကလဲစုံလို့ အသားဟင်းမစားရတာကြာပြီဖြစ်တဲ့ကျောင်းသားလေး ဘုဉ်းလိုက်တာ တဇလုံအပြည့်ပေါ့။ ပူပူနွေးနွေးဒေါက်တာအာဒိစ္စ ရေ သာသနာပြူလုပ်ငန်းတွေ လုပ်ဆောင်နိုင်ပါစေ လို့...။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဘလော့ရောက်လာသူများအားလုံးလည်း ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာကြပါစေလို့..။

Tuesday, July 10, 2012

“ထမင်းစားရင်း ပါရမီဖြည့်မယ် ”

မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။အညတရ ရဟန်းလေးလို့ပဲ ဆိုပါတော၊့ အဲဒီအညတရ ရဟန်းလေးဟာဖြစ်ပျက် ကမ္မဋ္ဌာန်း ကို ကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာပါတယ်။ ဒါကြောင့် တရားအားထုတ်လို့မရတော့ပါဘူး။နားကိုက် ဝေဒနာကို ဆေးဆရာတွေ ပြပြီးကုပေမယ့် မပျောက်ပါဘူး။နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကိုမြတ်စွာ ဘုရားကို သွားလျှောက် ပြပါတယ်။
ဒီတော့ မြတ်စွာဘုရားရှင်က ရဟန်းငယ်ဟာ ပုဇွန်ဆီနဲ့ ချက်ထားတဲ့ဆွမ်းဘောဇဉ် ကိုစားရင် သပ္ပါယဖြစ်ပြီး ဓာတ်စာဖြစ်မယ်ဆိုတာ သိတော်မူလို့“ချစ်သား.. သင် မာဂဓ လယ်ကွင်းထဲကို ဆွမ်းခံကြွပါ” လို့ မိန့်လိုက်ပါတယ်။
လယ်တောထဲ ဆိုတော့ ပုဇွန်လုံးပဲ ပေါတာပါ။ အညတရ ရဟန်းကလည်း“ငါ့အတွက် ကောင်းကျိုးမြင်လို့ မိန့်တာပဲ”လို့
နှလုံးသွင်း ပြီးကြွပါမယ်ဆိုတဲ့ အကြောင်းဝန်ခံခဲ့ပါတယ်။ဒီလိုနဲ့သပိတ် သင်္ကန်းကိုယူပြီး လယ်ကွင်းထဲကို ဆွမ်းခံထွက်ခဲ့ပါတယ်။
လယ်ကွင်းထဲရောက်တော့ လယ်စောင့်တဲ တစ်ခုတွေ့တာနဲ့တဲတံခါးဝမှာ ဆွမ်းခံရပ်လိုက် ပါတယ်။ လယ်စောင့် ယောင်္ကျားကလည်း
အဲဒီအချိန်မှာ ပုဇွန်ဆီနဲ့ စီရင်ထားတဲ့ ထမင်းကို ချက်ထားပြီးစပါ။ဆွမ်းခံ ရဟန်းတော် ကိုမြင်တော့ တဲထဲကို ပင့်ပြီး အခင်းလေး တစ်ခုပေါ် မှာထိုင်စေပါတယ်။ပြီးမှ ကိုယ်တိုင် ချက်ထားတဲ့ ပုဇွန်ဆီ ထမင်းကို သပိတ်ထဲလောင်း လိုက်ပါတယ်။အညတရ ရဟန်းဟာ ပုဇွန်ဆီဆွမ်းကို တစ်လုပ်နှစ်လုတ်စားလိုက်တာနဲ့တင် နားကိုက် ဝေဒနာဟာ အစာနဲ့ဆေးသပ္ပါယ သင့်ပြီး ပျောက်သွားပါတယ်။  ဝေဒနာ ပျောက်သွားတော့ချက်ချင်း စိတ်ချမ်းသာ သွားပါတယ်။ ဒါကြောင့် ဆွမ်းစားရင်း ဖြစ်ပျက်
ကမ္မဌာန်းကိုနှလုံး သွင်းပါတယ်။ ဆွမ်းစားလို့ မပြီးခင်မှာဘဲ ရဟန္တာဖြစ်သွား ပါတော့တယ်။ဒီတော့.. အညတရ ရဟန်းဟာ လယ်စောင့်ဒကာကို “ဒကာ.. သင့်ရဲ့ဆွမ်း ဘောဇဉ်နဲ့ ငါ့ရဲ့ရောဂါ ဝေဒနာလည်း ပျောက်သွားလို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ် ရတယ်။ သင်လည်း ဒီကုသိုလ်ကြောင့် ဆင်းရဲမှလွတ်ကင်းပြီး ကိုယ်စိတ် ချမ်းသာဖြစ် လိမ့်မယ်”လို့ ပြောပြီး မိမိကျောင်းကို ပြန်ခဲ့ပါတယ်။ လယ်စောင့် ယောင်္ကျားလည်းသူလောင်းလှူ လိုက်တဲ့ပုဇွန်ဆီ ထမင်း ကုသိုလ်လေး ကိုနေ့တိုင်း အောက်မေ့ နေပါတယ်။ ကွယ်လွန်တဲ့ အခါမှာတော့တာဝတိံသာ နတ်ပြည်မှာ နတ်သား သွားဖြစ်ရပါတယ်။ထူးခြားတာက နတ်သားရဲ့ ဗိမာန်တံခါးဝမှာ ကုသိုလ် သင်္ကေတဖြစ်တဲ့ရွှေပုဇွန်လုံး ရုပ်ကြီးပါတွဲလျား ချပေါ်နေပါတော့တယ်။ ထူးထူးခြားခြားရွှေပုဇွန် ရုပ်ကြီးပေါ်နေတဲ့ အတွက်အားလုံးက “ရွှေပုဇွန်နတ်သား”လို့ပဲခေါ်ကြပါတော့သတဲ့။ (ဝိမာနဝတ္ထုအဋ္ဌကထာ၊ ကက္ကဋကရသဒါယကဝတ္ထု)လှူသူလည်း အကျိုးရှိ အလှူခံသူလည်း အကျိုးရှိနဲ့ ဖတ်ရတာကြည်နူးဖို့ ကောင်းတဲ့ ဝတ္ထုလေးပါ။ လူတွေ ပြောပြောနေကြတဲ့
“မစားတတ်တော့ တဏှာ၊ စားတတ် တော့ဘာဝနာ” ဆိုတဲ့စကားလေးကို သာဓကပြသွားတဲ့ အညတရ ရဟန်းလေးရဲ့ ဘဝ ဖြစ်စဉ်လေးပါပဲ။အညတရ ရဟန်းလေးဟာ လူလိုပြောရင်တော့ ထမင်းစားရင်းပဲ တရားအားထုတ်သွားတာပါ။ ထမင်းစားရင်းပဲ တရားထူး တရားမြတ် ရသွားတာပါ။ ဒါကိုထောက်ပြီးထမင်းစားရင်းလည်း အားထုတ်လို့ ရတယ်ဆိုတာပါပဲ။ဒီနေရာမှာ တစ်ခုသတိထား ရမှာက နားကိုက်တော့ စိတ်မချမ်းသာ,စိတ်မချမ်းသာ တော့ တရားအားထုတ်လို့ မရဆိုတဲ့ ဆိုးကျိုးအဆင့်ဆင့်လေးကို အာရုံပြထားရပါမယ်။ စိတ်မချမ်းသာဘူးဆိုရင်တရားအားထုတ် ရတာလည်း အဆင် မပြေတော့ပါဘူး။တရားအားမထုတ်ခင် စိတ်ဆင်းရဲစရာတွေ ရှိနေရင် ကြိုရှင်း ထားလိုက်တာ အကောင်းဆုံးပါ။ တရားအားထုတ် နေတုန်း ဒီစိတ်ဆင်းရဲ စရာကိုပဲ တွေးနေမိရင်
အားထုတ်ရတာ အဆင်မပြေဖြစ်နေ ပါလိမ့်မယ်။အညတရ ရဟန်းလေးဟာ တရားအား ထုတ်တာကို အနှောက်အယှက်
ပေးနေတဲ့ နားကိုက်ဝေဒနာကို အရင်ကုပစ်လိုက်တာပါ။ရောဂါ ပျောက်ကင်း သွားတာနဲ့ တရားအား ထုတ်ရတာလည်း
အဆင်ပြေ သွားတော့တာပါ။ ဆွမ်းစားရင်း တရားရသွား တာလေးကလည်းအတုယူစရာ လေးပါပဲ။ လိုရင်းကတော့ ထမင်းစားရင်းလည်း
တရားအား ထုတ်လို့ရတယ်ဆိုတာပါပဲ။သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ရိပ်သာမှာ စားခြင်းသုံးမျိုးကို မကြာခဏ
ဟာပြလေ့ရှိပါတယ်။ စားခြင်းသုံးမျိုးကတော့..
၁။ သီလနဲ့စားခြင်း
၂။ သမထနဲ့စားခြင်း
၃။ ဝိပဿနာနဲ့စားခြင်းပါ။
ဆွမ်းစားခါနီးမှာ “ဒီဆွမ်း ဘောဇဉ်တွေကို မြူးတူးပျော်ပါးဖို့၊အသားအရေ လှပ တင့်တယ်ဖို့ စားတာမဟုတ်ဘူး။ ကိုယ်ကာယ
အရှည်တည်တံ့ဖို့၊ မဂ်ဖိုလ်အကျင့်ကို ကျင့်နိုင်ဖို့၊ ဝိပဿနာတရားကိုကျင့်နိုင်ဖို့စားတာ”လို့ ဆင်ခြင်လိုက်ရင် ပစ္စယသန္နိဿိတ သီလ ဖြစ်သွားပါတယ်။ ဒါဆို သီလနဲ့ စားလိုက်တာပါ ၊သီလ ကုသိုလ်တွေရ သွားတာပါ။
ရိပ်သာမှာတော့ “ဤသည့်စားဖွယ် အမယ်မယ်ကို”ဆိုပြီး စားကြတာပါ။လိုရင်း ကတော့ ဆင်ခြင်ပြီး စားရင်သီလနဲ့ စားတာပါ။
ဆင်ခြင်လိုက်တာလည်း ဘာမှမခက်ပါဘူး။ မိနစ်ပိုင်း လေးပဲရှိပါတယ်။ရိပ်သာမှာ ဆွမ်းစားခါနီး ဆွမ်းအလှူရှင်တွေ၊ ဝေယျာဝစ္စ ကုသိုလ်ရှင် တွေကို မေတ္တာပို့ပြီးမှ စားကြပါတယ်။ မေတ္တာပွားတာဟာ သမထထဲမှာ ပါတဲ့အတွက် သမထနဲ့ စားလိုက်တာပါ။
အိမ်မှာတော့ ထမင်းဝိုင်းကို ကြည့်ပြီး “ဒီထမင်းဟင်း တွေရှာပေးတဲ့အဖေ ကိုယ်ဆင်းရဲ ကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ
အဆင်ပြေပါစေ၊ ဒီထမင်းဟင်းတွေ ချက်ပေးတဲ့အမေ ကိုယ်ဆင်းရဲကင်းပါစေ၊ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ”လို့ မေတ္တာပို့ပြီး စားလိုက်ရင် မေတ္တာကုသိုလ် တွေဖြစ်သွား တော့တာပါ။
မေတ္တာပွားပြီး စားတာဟာ သမထနဲ့ စားလိုက်တာပါ။မေတ္တာပို့ပြီးစားရင် မိသားစု စားဝတ်နေရေးကို ရှာပေးနေတဲ့
မိဘတွေ အပေါ်မှာလည်း ပိုပြီး တန်ဖိုးထားတတ် သွားပါတယ်။ထမင်းဟင်းတွေ ဖြစ်ဖို့ရှာရတဲ့ ကိစ္စဟာ လွယ်ကူလှတဲ့ ကိစ္စမဟုတ်ပါဘူး။
နေ့တိုင်း စားနေရတော့ တန်ဖိုးလည်း မထားမိ တော့ပါဘူး။မေတ္တာပို့ပြီးစားတာ ဘာမှလည်း ခက်လှတာ မဟုတ်ပါဘူး။
တကယ့် လွယ်လွယ် လေးပါပဲ။ ကြားရတဲ့ မိဘတွေမှာ လည်းစိတ်ချမ်းသာ၊ကိုယ်လည်း ကုသိုလ်ရ၊ မုန့်ဖိုး တောင်းရတာလည်း အဆင်ပြေ အကုန်လုံး အဆင်ပြေမှုတွေ ချည်းပါပဲ။ကိုယ်က လုပ်ငန်းရှင် ဆိုရင်လည်း “ဒီထမင်းဟင်းတွေ ဖြစ်အောင်
ကျေးဇူးပြုသူ အားလုံး ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ”စသည်ဖြင့် မေတ္တာပို့ရုံ ပါပဲ။ ဒီထမင်းဟင်း တွေဖြစ်ဖို့ ကိုယ့်ကို ကျေးဇူးပြု နေတဲ့သူတွေကို ကိုယ်ပဲ အသိဆုံးပါ။ ဒီတော့ ကျေးဇူးပြု သူတွေကို မေတ္တာပို့ စားရမှာပါပဲ။ တတိယက ဝိပဿနာနဲ့ စားတာပါ။ ဒါကတော့ မြတ်စွာဘုရား သဘောအကျဆုံး စားနည်းပါပဲ။ ထမင်းစားပွဲ ထိုင်လိုက်တာနဲ့ ဟင်းခွက်ကို ကြည့်တော့ “ကြည့်တယ်”၊ မြင်တော့ “မြင်တယ်”၊ လှမ်းတော့ “လှမ်းတယ်”၊ခပ်တော့ “ခပ်တယ်”၊ ယူတော့ “ယူတယ်”၊ ပါးစပ်ဟတော့ “ဟတယ်”၊
ခွံ့တော့ “ခွံ့တယ်”။ ဝါးတော့ “ဝါးတယ်” စသည်ဖြင့် လိုက်မှတ်တာပါ။အဲဒီလို အမှတ်နဲ့ စားတာဟာ ဝိပဿနာနဲ့ စားတာပါပဲ။ ကျေးဇူးတော်ရှင်မဟာစည်ဆရာတော် ဘုရားကြီးက ထမင်းစားလို့ ဝါးတဲ့ နေရာမှာအထက်မေးနဲ့ အောက်မေးနှစ်ခုမှာ ဘယ်မေးက လှုပ်နေတာလဲလို့ မေးပါတယ်။ရိုရိုသေသေသ ရှုမှတ်တဲ့ ယောဂီတွေကတော့ အောက်မေးက လှုပ်နေတာဆိုတာ သိရပါတယ်။ အဲဒီ အောက်မေး လှူပ်နေတာလေးကိုပဲ မြန်မာ ဝေါဟာရအားဖြင့် “ဝါးတယ်၊ ဝါးတယ်”လို့ရှုမှတ်ရတာပါ။ တစ်နပ်စာ အကုန်လိုက်မှတ်ဖို့ ကတော့ မလွယ်ကူဘူး ထင်ပါတယ်။ဒါပေမယ့် ထမင်းအလုတ်သုံးဆယ် စားမယ်ဆိုရင် သုံးလုတ်လောက်တော့မှတ်လိုက်နိုင်မယ် ဆိုရင် မဆိုးပါဘူး။ တစ်မှတ်ကို ကုသိုလ်တစ်ချက်နဲ့တွက်ရင်လည်း မနည်းပါဘူး။
ဧည့်ခံပွဲတွေ၊ ညစာစားပွဲ တွေမှာလည်း နှစ်လုတ်သုံးလုတ် လောက်တော့ ရသ လောက်မှတ် ကြည့်ရမှာပါပဲ။ ကိုယ်က ဝိပဿနာနဲ့ စားနေတာကို ဘေးကလူလည်း မသိ ပါဘူး။ထမင်းဝိုင်းမှာ အချင်းချင်း စကားပြောသံ တွေကြားတော့လည်း “ကြားတယ်”
“ကြားတယ်”လို့ မှတ်ရုံပါပဲ။အညတရ ရဟန်းလေးဟာ ဆွမ်းစားရင်းနဲ့ပဲ တရားအားထုတ်ပြီး တရားထူးတရား မြတ်ရသွားတာပါ။ ကိုယ်ကဒါကို အာရုံပြုထားရပါမယ်။ နှစ်လုတ်သုံးလုတ် လောက် အမှတ်နဲ့စားတာကို နောက်ဘဝတွေ အတွက် အထုံဓာတ်ပါ သွားအောင် ပါရမီဖြည့် နေတယ်လို့ နှလုံးသွင်းထားလို့ လည်းရပါမယ်။ ကောင်းတဲ့အထုံဓာတ် တွေဟာ တရားထူး ရဖို့အတွက်လည်း အများကြီး အထောက်အပံ့ ပေးတာပါ။ ထမင်းစားရင်း ပါရမီဖြည့်တယ် ပဲပြောပြော၊ ထမင်းစားရင်း တရားအားထုတ် တယ်ပဲပြောပြော စကားလေး ကတော့ သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ဘဝမှာ တရားလေးတွေနဲ့ ပျော်တာပဲ ကောင်းပါတယ်။ဒီစားခြင်းသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီးက မှတ်ရလွယ်အောင်ဆောင်ပုဒ်ကလေးတွေ စီပေးထားပါတယ်။
၁။ ကျင့်နိုင်ဖို့ရာ၊ ဆင်ခြင်ကာ ၊ စားတာ သီလမည်။
၂။ မေတ္တာပွားကာ၊ စားသုံးတာ ၊မှန်စွာ သမထမည်။
၃။ စားသုံးမူရာ၊ ရှုမှတ်ကာ၊ စားတာ ဝိပဿ်မည်။
ဒီနေရာမှာ ဦးဇင်းအရှင် ဆန္ဓာဓိကက စာရေးသူကို သင်ပေးထားတဲ့ ဆွမ်းစား နည်းလေးကိုလည်း ဓမ္မဒါန ပြန်မျှပါရစေဦး။ ဆွမ်းမစားခင် ဆွမ်းဝိုင်း တစ်ဝိုင်းလုံးကို “မြတ်စွာဘုရား.. ဤဆွမ်းဘောဇဉ်အချိုပွဲ များကို ကပ်လှုပူဇော်ပါ၏ ဘုရား ဘုရားတပည့်တော်ကို သနားချီးမြှောက်သော အားဖြင့် ဘုဉ်းပေးသုံးဆောင် တော်မူပါဘုရား”လို့ ဆိုပြီးမြတ်စွာဘုရားကို ကပ်လိုက်ပါတဲ့။ စိတ်ထဲ မှာလည်း မြတ်စွာဘုရား တကယ်ကြွလာပြီး ဘုဉ်းပေးနေတယ်လို့ အာရုံပြုထားပါတဲ့။မြတ်စွာဘုရား ဘုဉ်ပေးနေတုန်းမှာ နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာန မေတံ၊ ဟေတုပစ္စယော၊ ဘုရားဂုဏ်တော်၊မေတ္တာသုတ်(၇)မျိုးရအောင်ရွတ်နေ လိုက်ပါတဲ့။ ပြီးမှ “မြတ်စွာဘုရား…ဘုဉ်းပေးပြီးပြီ ဖြစ်တဲ့အတွက် ဘုရားတပည့်တော်ကို ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား” လို့ဆိုပြီး
စွန့်ပြီးစားလိုက်ပါတဲ့။ ဒါဆို ကိုယ့်အတွက် ဆွမ်းဒါန ဖြစ်သွားပါတယ်တဲ့။ဒီနည်းလေးကိုယူပြီး ဆွမ်းမစားခင် မြတ်စွာဘုရားကို ကပ်ပြီးစားလိုက်ဖို့ပါ။(၇)မျိုး မရွတ်နိုင်ရင်တောင် နမောတဿ၊ သရဏဂုံ၊ ဒိဝါတပတိ၊ အဋ္ဌာနမေတံဒါမှ မဟုတ် နမောတဿ၊ သရဏဂုံ၊ ဟေတုပစ္စယော ရွတ်နေလိုက်လည်း ရပါတယ်။တစ်ခုသတိ ထားရမှာက မွန်းတည့် ဆယ့်နှစ်နာရီ နောက်ပိုင်းမှာတော့
ဘုရားကိုကပ်လို့ မရတော့ပါဘူး။ ကပ်ချင်ရင် ဆယ့်နှစ်နာရီ ရှေ့ပိုင်းပဲ ကပ်ရမှာပါ။ရှေးခေတ် ဆရာတော်ဘုရားကြီး တွေထေရုပ္ပတ္တိတွေ ဖတ်ရင် ဆရာတော်ဘုရား ကြီးတွေဟာ ဆွမ်းခံပြန်လာရင် သပိတ်လိုက် အဖုံးဖွင့်ပြီး မြတ်စွာဘုရားကို ကပ်ထား လိုက်တာပါ။
ဆွမ်းစားချိန်ကျမှ စွန့်ပြီး စားကြတာပါ။ ဒီခေတ်မှာ ဦးဇင်း တချို့ဆိုလည်းဘုရားမှာ သပိတ်လိုက်ကပ်ပြီးမှ ဘုဉ်းပေးကြတာပါ။
မန္တလေးက ဆရာတော်၊ ဦးဇင်း၊ ကိုရင် တချို့ဆိုလည်းမဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်ပြီးမှ ဘုဉ်းပေးတယ်လို့ တဆင့်ကြားဖူးပါတယ်။မဟာမြတ်မုနိ ဘုရားကြီးကို သပိတ်လိုက် ကပ်လိုက် ရတာဆိုတော့ အာရုံပြုရတာ ပိုလို့တောင် ကောင်းဦးမှာပါ။ စပယ်ပန်းလေး ကပ်ရ တာတောင် ကြည်နူးလို့ မဆုံးဖြစ်ရတာပါ။ဘာပဲပြောပြော မြတ်စွာဘုရားကို ဆွမ်းကပ်ပြီးမှ စားရင် ဒါနကုသိုလ် ဖြစ်သွားတာ တော့အမှန်ပါပဲ။ဒါဆိုရင် ဒါနနဲ့စား လိုက်တာပါပဲ။ သဒ္ဓမ္မရံသီဆရာတော်ကြီးရဲ့ ဆောင်ပုဒ်အတိုင်း မှီးဆိုရရင်တော့..“ ဆွမ်းတော်ကပ်ကာ၊ စားသုံးတာ၊ စားတာဒါနမည် ” လို့ ဆိုရပါလိမ့်ပါမယ်။ဒါဆိုထမင်းစားတာ ၁။ ဒါနနဲ့စားခြင်း၊ ၂။ သီလနဲ့စားခြင်း၊ ၃။ သမထနဲ့စားခြင်း၊ ၄။ ဝိပဿနာနဲ့ စားခြင်းဆိုပြီး စားခြင်းလေးမျိုး ဖြစ်သွားပါလိမ့်မယ်။ ထမင်းစားတိုင်း စားတိုင်း စားခြင်း လေးမျိုးပါအောင် နေ့တိုင်း စားနိုင်ရင်တော့ ကိုယ့်အတွက်ကုသိုလ် (၄)မျိုး ရနေတော့တာပါ။ ဒါတင်မကပါဘူး နောက်ဘဝတွေ အတွက်လည်း ပါရမီအထုံဓာတ် တွေပါသွားဦးမှာပါ။နောက်ဘဝကို ပါရမီ အထုံဓါတ်တွေ များများပါသွားဖို့ အရေးကြီးပါတယ်။
လယ်စောင့် ဒကာလေးက အညတရ ရဟန်းလေးကို ဆွမ်းတစ်နပ် ကပ်ပြီး နတ် ပြည်ရောက် သွားရတာပါ။ ကိုယ်ကစားခြင်း လေးမျိုးနဲ့ နေ့စဉ် စားနေမယ်ဆိုရင် ပါရမီ အထုံဓာတ်တွေ သာမက သုဂတိဘုံဘဝ အတွက်လည်း အထောက်အပံ့ ပေးနေ မှာပါ။ မြန်မာ့ရာဇဝင်မှာနရသီဟ ပတေ့မင်းဟာ ဟင်းခွက်ပေါင်း သုံးရာပွဲတော်တည်ပါ သတဲ့။
တရုတ်နဲ့ စစ်ဖြစ်လို့ ပြေးလွှားနေရတဲ့ ကာလမှာ ဟင်းခွက် တစ်ရာ့ငါးဆယ်ပဲသုံး ဆောင်ရလို့ “ငါဆင်းရဲလိုက်တာ”လို့ ငိုငြီးပါသတဲ့။
နရသီဟ ပတေ့မင်းကြီးမှာ သားတော် ဥဇနာ၊ ကျော်စွာ၊ သီဟသူ၊ သမီးတော် မိစောဦး တို့ရှိပါတယ်။ အမေချင်း တွေတော့ မတူကြပါဘူး။ နရသီဟပတေ့ မင်းပွဲတော် တည်တဲ့အခါ ဥဇနာနဲ့ကျော်စွာကို ဝက်လက်ပေးပြီး သီဟသူကို ဝက်ပေါင်ပေးပါတယ်။ မကြာခဏ ပေးပါများလာတော့ သီဟသူရဲ့အမေ ရှင် မောက်က “သူများသား တွေကျတော့ ဝက်လက်ပေးတယ်၊
ငါ့သားကျတော့ ဝက်ပေါင် ပေးတယ်”ဆိုပြီး မကျေနပ်ပါဘူး။ဒါကြောင့်သီဟသူအမေ ရှင်မောက်က စားတော်ကဲ ကိုငွေသုံးဆယ် ပေးပြီး
ကျော်စွာကို ဝက်ပေါင်ပေးဖို့၊ သူ့သားသီဟသူကို ဝက်လက် ပေးဖို့ လာဘ်ထိုး ပါတယ်။ဒါကို ကျော်စွာ့အမေ ရှင်ပါးသိတော့ မင်းကြီးကို သွားတိုင်ပါတယ်။နရသီဟပတေ့ မင်းဟာ လူဘုံအလယ်မှာ မိဖုရားရှင် မောက်ကို“ဝက်လက်ခိုးမ” လို့ဆဲပြီး သားသီဟသူ ကိုလည်း “ဝက်လက်ခိုးမသား”လို့ ဆဲလိုက်ပါတယ်။ နရသီဟပတေ့မင်းဟာ သီဟသူကို စိတ်အလို မကျတိုင်း “ဝက်လက်ခိုးမသား” လို့
မကြာခဏ ဆဲရေးတတ် ပါတယ်တဲ့။ ဒီတော့ သားတော်သီဟ သူကအဖေအပေါ် စိတ်နာပြီး အညှိုးအတေး ထားလိုက်ပါတယ်။
တရုတ်နဲ့စစ်ဖြစ်လို့ စစ်ပြေးရင်း ပြည်ကိုရောက်တဲ့ အခါ သားတော်သီဟသူက ရှေ့ ဆက်မသွားဖို့ တားထားလိုက်ပါတယ်။ ပြီးတော့ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို ပေးပြီး “စားတော်ခေါ်ပါ”လို့ ဆက်သပါတယ်။ နရသီဟပတေ့မင်းဟာ အဆိပ်ပါမှန်း သိလို့ မစားပါဘူး။ဒီတော့ သားတော် သီဟသူက ရဲမက်သုံးရာလွှတ်ပြီး ဓားဖွေးဖွေးတွေနဲ့မင်းကြီးဖောင်တော်ကိုဝိုင်းထားလိုက်ပါတယ်။
နရသီဟ ပတေ့မင်းဟာ မိဖုရားဖွားစောကို “ဘာလုပ်ရမလဲ” လို့မေးပါတယ်။မိဖုရားဖွားစောက “အရှင်မင်းကြီး.. ဓား လှံ လက်နက်တွေနဲ့ သွေးသံတရဲရဲ သေရတာ ထက် အဆိပ်စားပြီး သေရတာက မြတ်ပါသေးတယ်”လို့ အကြံပေးပါတယ်။
နရသီဟပတော့မင်းလည်း “ငါသည် နိဗ္ဗာန်မရသေးသရွေ့ သံသရာကျင်လည် ရသမျှဘဝတိုင်း သားယောင်္ကျားကိုမရရပါလို၏”လို့ ဆုတောင်းသစ္စာပြု၊ ဝတ်ထားတဲ့ လက်စွပ်တော်ကို ရေစက်ချပြီး မိဖုရားဖွားစောကို ပေးပါတယ်။ ပြီးမှ အဆိပ်ခတ်ထားတဲ့ ပွဲတော်အုပ်ကို
စားပြီးသေသွားပါတယ်။ သေချိန်မှာ သက်တော်ခြောက်ဆယ်လို့ ဆိုပါ တယ်။ဒီသမိုင်းဖတ်ပြီး “သြော်”လို့ပဲ တလိုက်မိပါတော့တယ်။
ဝက်ပေါင်၊ ဝက်လက် အစားတစ်ခုကို အကြောင်းပြုပြီးသားက အဖေကို သတ်ရတဲ့ အထိဖြစ်သွားရပါတယ်။စိတ်ထဲမှာလည်း တွေးစရာတွေ အများကြီးပါပဲ။ဝက်ပေါင်နဲ့ ဝက်လက်ဘာများထူး လို့လဲမသိပါဘူး။
ဘာမှလည်း ထူးမယ်မထင်ပါဘူး။ ပြီးတော့အဖေ လုပ်သူကသားသမီး တွေအပေါ် ပေးကမ်းတာ ဘာဖြစ်လို့ မညီမျှရတာလဲ၊
ညီညီမျှမျှ ဝက်ပေါင်တစ်လှည့်၊ ဝက်လက် တစ်လှည့်စီပေးလိုက်ရင်လည်းဒီပြဿနာ ဖြစ်ချင်မှဖြစ်မှာပါ။ မိဘဖြစ်သူ တွေအတွက်သတိထားစရာပါပဲ။မိဘတွေ အနေနဲ့ ဘယ်ပစ္စည်းပဲ ပေးပေး သားသမီးတွေကို ညီညီမျှမျှပေးတာ အကောင်းဆုံးပါပဲ။ ဒါတင်မကပါဘူး “ဝက်လက်ခိုးမသား” ဆိုတဲ့ စကားတစ်ခွန်း ကြောင့်ပဲ သားလုပ်သူရဲ့ အသတ်ကို ခံသွားရတယ်လို့လည်း ဆိုနိုင်ပါတယ်။ ပြောမယ့် စကား တစ်ခွန်း အတွက်လည်း သတိထားစရာပါပဲ။ ပြောတဲ့သူက မှတ်မထားပေမယ့် အပြောခံရတဲ့သူကတော့ မမေ့အောင် မှတ်ထားတော့တာပါ။ အမေလုပ် သူကလည်း မချစ်တတ်တဲ့ အချစ်နဲ့ချစ်မိ လိုက်တာပါ။
မချစ်တတ်တာ ကလည်းခက်တာပါပဲ။ ချစ်တော့ ချစ်တာပါပဲ၊ မချစ်တတ်တဲ့အချစ်နဲ့ ချစ်လိုက်တဲ့ အတွက် သားဖြစ်သူကို ပဉ္စာနန္တရိယ ကံကြီးကိုကျူးလွန်ခိုင်းသလို ဖြစ်သွားရပါတယ်။ ဘယ်ဘက် ကကြည့်ကြည့် သံဝေဂ ယူစရာတွေချည်းပါပဲ။တကယ်လို့များ စာဖတ်သူတို့လို စားခြင်းလေးမျိုးနဲ့သာ စားကြမယ်ဆိုရင်ဒီလို အဖြစ်ဆိုးကြီးကို ကြုံကြရမှာ မဟုတ်ပါဘူး။
သူများကိုသာ ပြောနေရတာပါ။ သံသရာမှာ ကိုယ်လည်း အမှားတွေကျူးလွန်ခဲ့ချင် ကျူးလွန်ခဲ့မှာပါ။ မသိနိုင်လို့သာပါ။ တွေးရင် လန့်စရာကြီးပါ။သတ္တဝါတွေဟာ အစာအဟာရကို မှီပြီးအသက်ရှင် နေကြရတာပါ။မစားလို့လည်း မရပါဘူး။ သတိကပ် ပြီးအစားကို တရားဖြစ်အောင် စားကြရမှာပါ။ဒါဆိုရင် ထမင်း စားရင်းပါရမီ ဖြည့်နေတာပါပဲ။ ဘာပဲပြောပြော တစ်နေ့ နှစ်ကြိမ်သုံးကြိမ်
စားနေကြရတာ ဆိုတော့ စားခြင်းလေး မျိုးပါနိုင် သမျှပါအောင် ကြိုးစားပြီး စားကြည့်ဖို့ပါပဲလေ။

Monday, July 9, 2012

“၀ါဆိုလတွင် ၀ါဆိုသင်္ကန်းလှူရခြင်းအကျိုး”

ဗုဒ္ဒဘာသာမြန်မာလူမျိုးတို့သည် ၀ါဆိုလရောက်လေတိုင်းဝါဆိုသင်္ကန်းကို သံဃာတော်အရှင်သူမြတ်တို့အား လှူဒါန်းဆက်ကပ်ကြသည်မှာ အင်မတန်ချစ်စရာကောင်းသော ဓလေ့ဖြစ်ကြသည်။ တချို့ဝါဆိုသင်္ကန်းမကပ်လိုက်ရလျှင်ခေတ်မမှီဘူးဟု တောင် ထင်နေကြ၏။ ၀ါဆိုသင်္ကန်းလှူဒါန်းရာအချိန်သည် ၀ါဆိုလဆန်း တရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ထိ ကပ်လှူဒါန်းနိုင်သည်။ ထိုအတွင်းလှူဒါန်းခြင်းသည် ၀ါဆိုသင်္ကန်းလှူဒါန်းသည်မည်၏။ မိမိမြန်မာနိုင်ငံမှာနေစဉ် နှစ်စဉ်ဝါဆိုလပြည့်နေ့ ရောက်လေတိုင်း သင်္ကန်းလှူဒါန်းကြသည့် ဒကာ/မတို့အိမ်သို့ အာရုဏ်ဆွမ်းဖြင့်၎င်း,တချို့အင်မတန်ရင်းနှီးလွန်းသောဒကာ/မများအား လဘက်ရည်အချိုပွဲဖြင့်သာ ကပ်လှူဒါန်းခိုင်းရ၏။ ထိုနေ့အဖို့ တနေရာပြီးတနေရာ ကြွလာရ၏။ ဒကာ/မများသည်လည်း ၀ါဆိုလပြည့်နေ့ကိုသာ အာရုံရကြသည်။ ၀ါဆိုသင်္ကန်းကပ်လှူသူအကျိုးမြတ်ကား.ယောက်ျားများလှူဒါန်းခြင်းသည် “ဧဟိ ဘိက္ခု “ ဘိက္ခု=ရဟန်း.ဧဟိ=လာလော့ဟု..မြတ်စွာဘုရားသည် ညာလက်ရုံးကို ဆန့်တန်းလိုက်သည်နှင့် ၀ါတော် ၄၀ ရ မထေရ်ကြီးကဲ့သို့ သပိတ်,သင်္ကန်း,ပရိက္ခရာအပြည့်စုံဖြင့် ဧဟိဘိက္ခု အမည်ရရှိသည်။ မိန်းမသားများမှာ မဟလ္လကတန်းဆာကို ၀တ်ဆင်,ဆင်မြန်းရခြင်းဟူသောအကျိုးကျေးဇူးရရှိခံစားနိုင်သည်။ မဟလ္လကတန်းဆာသည် ရှေးမြတ်စွာဘုရားလက်ထက်တော်အခါကပင်လျှင် အဖိုးကိုးကုဋေ ထိုက်တန်သည်။ လက်ခအားဖြင့်တသိန်းပေးရ၏။
ကျေးဇူးရှင် မင်းကွန်းဆရာတော်ဘုရားကြီးသည်လည်း ၀ါဆိုသင်္ကန်းလှူဒါန်းခြင်းနှင့်ပတ်သတ်၍ ကဗျာ ဆောင်ပုဒ် ဖွဲ့သီကုံးထားသည်။ တနည်းပြောရသော် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်(၇)ယောက်။ တမျိုးပြန်ပြောရသော် အပါယ်သို့ မကျရောက်စေနိုင်သည့်(၇)ယောက် ဟု ပြောရပေမည်။
{ဆောင်} တိသရဏ,ငါးသီလ,မဲချစာရေးတန်,ပက္ခိကဆွမ်း,၀ါသင်္ကန်း,လှူဒါန်းသောက်ရေကန်,ကျောင်းလှူတ၀ နိဗဒ္ဒ ပုညရှိသူမှန်။ သောတာပန်လည်း ထို့တူပဲ သူလည်း ပါယ်မပြန်။ဟု စပ်ဆိုတော်မူခဲ့သည်။ မြန်မာပြန်ပြောရသော်
(၁)တိသရဏသည်= သရဏဂုံ ၃ပါးတည်သောပုဂ္ဂိုလ်။
(၂)ငါးသီလသည်=ငါးပါးသီလမြဲသည့်ပုဂ္ဂိုလ်။
(၃)မဲချစာရေးတန်=စာရေးတန်မဲလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၄)ပက္ခိကဆွမ်း= လဆန်းပက္ခ.လဆုပ်ပက္ခဆွမ်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၅)၀ါသင်္ကန်း=၀ါဆိုသင်္ကန်းလှူဒါန်းသည့်ပုဂ္ဂိုလ်။
(၆)လှူဒါန်းသောက်ရေကန်=သောက်ရေကန်လှူဒါန်းသည့်ပုဂ္ဂိုလ်။
(၇)ကျောင်းလှူတ၀= ကျောင်းလှူဒါန်းသည့်ပုဂ္ဂိုလ်။ ထိုပုဂ္ဂိုလ်တို့သည် သောတာပန်နှင့်တူသည့်ပုဂ္ဂိုလ်။တနည်း အပါယ်သို့မကျရောက်စေနိုင်သည့်ပုဂ္ဂိုလ်ဟု ကျမ်းဂန်တွေမှာ ပါရှိခဲ့သည်။ ၀ါဆိုသင်္ကန်းလှူဒါန်းရခြင်းဟူသောအကြောင်းကြောင့် မိမိတို့သည် အပါယ်သို့လည်းမကျရောက်စေနိုင်သလို သောတာပန်နှင့်လည်းတူသည်မည်၏။ မိမိမှာတော့ ၀ါဆိုသင်္ကန်းနှင့်ဝေးစွ။ အကြောင်းမှာ နိုင်ငံခြားမှာဖြစ်ခြင်းကြောင့် မိမိနေထိုင်ရာမဇ္ဈိမသားတို့သည် ၀ါဆိုသင်္ကန်းလှူဒါန်းရမည်ကိုလည်းမသိရှာကြ။ လှူဒါန်းရခြင်းအမှုကို သူတို့၏ ရင်ထဲမှာမရှိတော့ပြီ ၀မ်းနည်းစရာကောင်းပါပေစွ။ သူတို့သည် သမီးမွေးဖွားခဲ့သူဖြစ်အံ့ ထိုသမီးကို မင်္ဂလာဆောင်ရန် ခန့်နားစွာဆောင်ပေးဘို့ ဥဏှောက်ထဲမှာရှိကြ၏။ မိမိ၂၀၀၇ ခုနှစ် အိန္ဒိယနိုင်ငံ စာသင်ရောက်စနှစ်မှာ ညည ဗြောက်အိုးတို့ဖြင့်၎င်း,မီးဆိုင်းပန်းတွေ ခေါင်းပေါ်ရွက်လျှက်၎င်း, အတိးအမှုတ်တို့ဖြင့် မင်္ဂလာဆောင်ရာ ခန်းမသို့ စည်ကားသိုက်မြိုက်စွာသွားလာသည်ကို ဘုရားလှည့်သည် အထင်ဖြင့် ထွက်ထွက်ကြည့်တတ်၏။ မြန်မာနွယ်ဖွားမောင်စိန်အောင်မှ အရှင်ဘုရား အဲဒါ မင်္ဂလာဆောင်တာလေ ဟု ပြောမှ အော် ဆိုပြီး မိမိနဖူးကို လက်ဖြင့် ပုတ်လျှက် သူတို့သည် ၄င်း မင်္ဂလာဆောင်ရာတချိန်သည်သာလျှင် ကုန်စရာရှိသည်မို့ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် အဆိုအက အတီးတို့ဖြင့် သိုက်မြိုက်စွာ ပြုလုပ်ကြသည်။ အင်း.မဇ္ဈိမ သားတို့ရယ် မြတ်စွာဘုရားသာရှိခဲ့လျှင် သူနိုင်ငံ သူ့လူမျိုးတွေကို ဘယ်လိုများချေချွတ်မည်မသိ။ သုံးလောကထွဋ်ထား
မြတ်စွာဘုရားသည် သစ္စာတရားများပေါ်ထွန်းခဲ့ရာ, မြတ်စွာဘုရား သဗ္ဗညုတရွှေဥာဏ်တော်ရခဲ့ရာ နေရာမြတ်တွေမှာ သူတို့သည် မြတ်စွာဘုရားဟောဖေါ်ညွှန်ကြားခဲ့သော ဓမ္မလမ်းကြောင်းကို ဆန့်ကျဉ် မျက်ကွယ်ပြုလျှက် အယူသီးမှု စသော အယူဝါဒတွေကို ဘာလို့များ ဥဏှောက်ထဲမှာ ၀င်ခဲ့ကြပါသလဲဆိုတာကိုတော့.အိုစာဖတ်သူတို့ သင်တို့ စဉ်းစားကြကုန်လော့။ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည်။ ဘုရားဟူ၍၄င်း,တရားဟူ၍၄င်း,သံဃာဟူ၍၄င်း သိခွင့်ရကြရသည်။ လူဖြစ်ရကျိုးနက်သည်ဟု ပြောရချေသော် မှားအံ့မည်မထင်ပါ။ သဗ္ဗေ သစ္စာတရားထွန်းကားရာနယ်မြေဒေသတနေရာမှာ သူတို့၏ အယူသိးမှုတွေကိုတွေးပြီး ကျောင်းသားလေးကတော့ ရင်လေးမိ၏။ ထေရ၀ါဒ ထွန်းကားရာ အမိမြန်မာပြည်မှ လူဖြစ်ရခြင်းသည် ကံကောင်းကြပါသည်ဟု ပြောရင်း..၀ါဆိုလ၏ သင်္ကန်းလှူဒါန်းရခြင်း၏ အကျိုးကျေးဇူးများကို အို.စာရှုသူ သင်သည်လည်း အပါယ်သို့ မကျရောက်စေခြင်ရင်ဖြင့်….။

"ဗာရာဏသီမိုဃ်းနေ့များ"

ခုတလော ဗာရာဏသီရွှေမြို့တော်မှာ မိုဃ်းများရွာခဲ့တယ် ရာသီဥတု ပူလောင်တဲ့ဒဏ်လေးတော့ သက်သာနေပြီဆိုတော့ နေလို့ထိုင်လို့ကောင်းလိုက်တာ နေရာတိုင်းတိုင်းမှာရွှံ့ဗွက်တွေ ရေတွေ
နဲ့ မြင်တွေ့နေရတယ်လေ..။ မဇ္ဈိမတိုင်းသားတွေကတော့ မိုဃ်းကိုကြောက်တော့ မိုဃ်းရွာပြီဆိုတာနဲ့ မတွေ့ရတော့ဘူး။ ဘာကြောင့်ပါလိမ့်လို့တော့ တွေးမိပါရဲ့ မိမိတို့မှာတော့ အပူချိန်လေး ပေါ့သွားမိလို့ ကျေးဇူးတင်နေမိတယ်။ ကိုရွှေမိုဃ်းရယ်.။အမြဲလိုလို မရွာသွန်းခဲ့ရင်တောင် တနေ့ တနာရီလောက်များရွာပေးခဲ့ရင်ကောင်းမှာပဲလို့တွေးနေမိတယ်လေ။ ခု post ရေးနေချိန်မှာ မိုဃ်းလေးက တဖျောက်ဖျောက်နဲ့ ဟို မလှမ်းမကမ်းမှ ကြားလိုက်ရတဲ့ စရဏဘူတာသို့ဝင်လာပြီဖြစ်သော ရထားဥသြဆွဲသံသည်လည်း..မိုဃ်းနဲ့အပြိုင်ပေါ့..။

Tuesday, July 3, 2012

" ထူးခြားအံ့သြဖွယ်ဆံတော်ရှင်ကျိုက်ထီးရိုးနှင့်ပုံတူကျောက်တုံးတော်ကြီး"

နေပြည်တော်ရှိ တောတွင်းတစ်နေရာတွင် ဆံတော် ရှင်ကျိုက်ထီးရိုး ဘုရားနှင့်ပုံစံတူသော ထူးခြား အံ့ဘွယ် ကျောက်တုံးကြီး သတင်းမှာ ရန်ကုန်မြို့ပေါ်သို့ ယခုရက် ပိုင်းအတွင်း စတင်နာမည်ကြီးလာပါသည်။ နေပြည် တော်နှင့် အတော် လှမ်းသော ရွှေပြည်သာ ရွာတွင်ရှိ သည်ဟုကြားသိရသည်။
အဆိုပါထူးခြား ကျောက်တုံးကြီးမှာ နေပြည်တော် အနီးတစ်ဝိုက်ရှိ မြို့လေးများသို့ပါ အချိန်တိုအတွင်း ပျံ့နှံ့ သွားခဲ့ပြီးနေ့စဉ်ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိနေကြောင်းကြားသိရချိန်တွင် မြန်မာ ပို့စ်သတင်း ဂျာနယ်ပရိသတ် အတွက် အဆိုပါကျောက် တုံးကြီးရှိရာ ဒေသသို့ သွားရောက် ကွင်းဆင်းလေ့လာ ဖြစ်ခဲ့ပါသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အဆိုပါ ရွှေပြည်သာ ရွာသို့ မည်သို့ မည်ပုံ သွားရောက်ရသည်ကို ပထမဦးစွာ စုံစမ်း ရသည်။ အိုင်တီ လက်ဖက်ရည်ဆိုင် သို့ရောက်ရှိ လာသော နေပြည်တော် တွင်တာဝန်ထမ်းဆောင် လျက်ရှိ သည့်ရဲမှူးကြီး တစ်ဦးကို စတင်မေးမြန်းရပါ သည်။ အဆိုပါ ရဲမှူးကြီးထံမှ တစ်ဆင့် ထိုသတင်း တိကျ မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးနောက် အဆိုပါ ကျောက်တုံးကြီး တည်ရှိရာသို့ အိပ်မက်အရ လမ်းကြောင်း သိရှိပြီး သွားရောက် ရှာဖွေခဲ့သော ဆရာတော်နှင့် ဆရာတော်၏ ဒါယိကာ၊ ဒါယိကာမ များထံ ဆက်သွယ် စုံစမ်းခြင်း၊မေးမြန်းခြင်း များပြုလုပ် ပြီးနောက် အဆိုပါ ရွှေပြည်သာရွာသို့ မြန်မာပို့စ် သတင်းဂျာနယ် အဖွဲ့ခရီးဆက်လက်ထွက်ခွာခဲ့ပါသည်။
အချို့က ဒီနေ့နေ့ချင်းပြန် ခရီးကအဆင်မပြေနိုင်၊ နောက်တစ်နေ့မှ ခရီးထွက်ရန်ပြောသည်။ ယခု ၁၀ နာရီကျော် နေပြီဖြစ်၍ခရီးထွက်ရန် အဆင်မပြေနိုင်၊ မြစ်ကိုဖြတ်ကူး၍ သွားရသော လမ်းမှဆိုလျင် မြန်နိုင် ကြောင်း လည်း ၀ိုင်းဝန်းအကြံပြုကြသည်။
နေပြည်တော် ပျဉ်းမနားမြို့အထိမ်း အမှတ်တစ်ခု ဖြစ်သော ဆင်ရုပ်မှတ်တိုင် အနီးရှိအိုင်တီ လက်ဖက်ရည် ဆိုင်မှ စတင်၍ အဆိုပါ ခရီးစဉ်ကိုစတင်ခဲ့ ရသည်။ မည် သို့ပင်ဖြစ်စေ အဆိုပါ ခရီးစဉ်ကို မရောက်ရောက် အောင် သွားရမည်ဖြစ်ခြင်းကြောင့်နေ့ချင်းပြန် ခရီးစဉ် စတင် အကောင်အထည် ဖော်ခဲ့ရသည်။
အသွားလမ်းမှာ မိုးရာသီဖြစ်၍ အလွန်ပင်ကြမ်း တမ်းသည်။ ဆိုင်ကယ် ကယ်ရီသမားများက ပေါင်း လောင်း ရေလွှဲဆည်အထိသာလိုက်ပို့၍ ရမည်။ ကျန် သော ခရီးလမ်းကို ခြေလျှင် ချီတက်မှရမည်ဟု ဆိုပါ သည်။ အနီးဆုံး နေရာသို့ လိုက်ပို့ပေးရန် ညှိနှိုင်းကြပြီး နောက် ခရီးထွက် ခဲ့သည်။ နာမည်ကျော် ပျဉ်းမနား သကြားစက် ကိုကျော်လွန်ပြီးသည့် နောက် အတော် လေးကိုမောင်းပြီးမှ ပေါင်းလောင်း သို့ရောက်သည်။ ကျန်သော ခရီးစဉ်အတွက်ကိုမူ နေပြည်တော် ဒေသခံ ဆိုင်ကယ် ကယ်ရီသမားများက သူတို့လည်း အဆိုပါ ကျောက်တုံးကြီး ဆီသို့မသွားရသေး ဖူးမြော်ချင်သည်ဟု ဆိုကာ ဆက်လက် လိုက်ပါပို့ဆောင် ပေးသည်။ ခရီး လမ်းမှာ ဆိုင်ကယ်ကယ်ရီသမား တို့အတွက် အလွန်ပင် ခက်ခဲကြမ်းတမ်း သော်လည်း မရရအောင် လို့ပို့ပေးကြ သည်။ အမှန်တကယ်တွင် အဆိုပါ ကယ်ရီသမားတို့ အပင်ပမ်းခံ လိုက်မပို့ပါက ညမိုးချုပ်သည့် တိုင်အောင် ကျောက်တုံးကြီးဆီသို့ ရောက်နိုင်မည် မဟုတ်ပါ။ ကျေး ဇူးများ စွာတင်ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဘုရားတောင်ခြေနှင့် အတော် နီးသောနေရာ အထိ လိုက်ပို့ကြပြီး နောက်တော လမ်းခရီးကိုဆက်ခဲ့ သည်။ နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ခရီး ဆက် ခဲ့သော အဆိုပါ ကျောက်တုံးကြီးခရီးစဉ်မှာ မွန်း လွဲ ၁ နာရီဝန်းကျင် တွင်အဆုံးသတ် ခဲ့ပြီးနောက် ရောက် ရှိခဲ့ လေတော့သည်။
ဘုရားဝန်း ကျင်တွင် လာရောက် ဖူးမြော်သူများ လည်းရှိ နေသည်။ တောင်ပေါ် အတက်တွင်လည်းပြန် ဆင်းသွားကြသူ တို့နှင့်လည်းဆုံ တွေ့ခဲ့ရသည်။
ကျောက်တုံးကြီးမှာ ကား အမှန်တကယ်ပင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့သွား ရောက်ရာ ခရီးစဉ်နှင့် ဆင်ဆင်တူ သကဲ့သို့ ကျောက်တုံးကြီး အနေအထားမှာ လည်း ပုံတွင်မြင်တွေ့ရသည့် အတိုင်း များစွာ ဆင်တူ နေပါသည်။ ကျောက်တုံးကြီး ပတ်ပတ်လည်တွင် ဘုရား ဖူးသူတို့ရောက်ရှိနေပါသည်။
ဒေသခံရွာ သား ကိုဖိုးပြားက အဆိုပါ ကျောက်တုံး ကြီးအနီးရှိ ထူးခြားချက်များကို လိုက်လံပြသ ပါသည်။အနီးနားရှိအခြား သော အရံ ကျောက်တုံးကြီးများပေါ် တွင် လူကြီးတစ်ဦး ၏ခြေရာ ထက်ပင်ကြီးနိုင်သော ခြေရာကြီး တစ်ခုနှင့် ကလေးငယ် တစ်ဦး၏ခြေရာတို့ကို လိုက်လံပြသ ပေးသည်။ ယင်းအရံ ကျောက်တုံးကြီးပေါ် တွင်ပင် တစ်စုံတစ်ခုသော မှတ်သားထားသည့် အရာတို့ ရှိနေပြန်သေးသည်။
“ဒီအမှတ်အသားကတော့ သဘာဝအတိုင်းပေါ် ပေါက်နေတာ မဟုတ် လောက်ပါဘူး။ တစ်စုံတစ် ယောက် က မှတ်သားထား တဲ့ပုံစံမျိုးပါ။ ရေးထားတာ ကလည်း ဘာစာ လည်းဆိုတာ ကျွန်တော်တို့ အနေနဲ့ မသိနိုင်ပါဘူး။ သမိုင်းကို လေ့လာတဲ့သူ၊ ရှေးဟောင်း စာပေတတ် ကျွမ်းတဲ့သူတွေ လာပြီးလေ့လာနိုင်ရင် တော့ အကောင်းဆုံးပါပဲ” ဟု ဒေသခံရွာသား ကိုဖိုးပြား ကပြောသည်။
“ကျွန်တော်တို့ ဒီဒေသခံတွေအနေနဲ့ ဒီကျောက် တုံးကြီးကို အားစမ်း တဲ့အနေနဲ့ တွန်းချကြသေးတယ်။ ဘယ်လိုမှ မကျဘူး။ တည်နေပုံ ကလည်းထူးခြားတယ်။ တွန်းချတယ် ဆိုတာတောင် ဒီအတိုင်း လူချည်း သက် သက်အားနဲ့တွန်းချတာ မျိုးမဟုတ်ဘူး၊ ကုတ်နဲ့ ကော် ချတာ။ ကုတ်နဲ့ ကော်တယ်ဆိုတာက ကုတ်တစ်ချောင်း ကို လူငါးယောက် အားနဲ့ညီမျှတယ်ဗျ။ သုံးယောက် ပေါင်း ဆိုတော့ လူဆယ့်ငါးယောက် အားလောက် ရှိတယ်။ ကျောက်တုံးကြီး ဆိုတာ ယမ်းခါ နေပေမယ့် ဘယ်လိုမှ ပြုတ် မကျသွားဘူး” ဟုကိုဖိုးပြားက ဆက် လက် ပြောပြသည်။
လူသူ အရောက်အပေါက်နည်းသော အဆိုပါ ကျောက်တုံးကြီး တည်ရှိရာနေရာ သွားရာလမ်းကို ကျိုက် ထီးရိုးဘုရား လမ်းဟု သာခေါ်ဆိုကြကြောင်း ရွာခံများ ကပြောသည်။ ကျောက်တုံးကြီးနှင့် ခပ်လှမ်းလှမ်း တွင် စမ်းချောင်းငယ် တစ်ခု၏ တသွင်သွင် စီးဆင်းနေသံကို လည်း ကြားရ သဖြင့်သွားရောက် ကြည့်ရှုခဲ့ကြပါသည်။ ကြည်လင်အေးမြသော စမ်းရေကြောင့် ပင်ပမ်းမှုအား လုံးပြေ ပျောက်သွားရသကဲ့ သို့ခံစားရသည်။
အဆိုပါ ထူးခြားဆန်းပြားသော ကျောက်တုံးကြီး သတင်းမှာ နေပြည်တော် ၀န်းကျင်တွင် ပျံ့နှံ့လျက်ရှိပြီး ယခုအခါ အနီးနား ပတ်ဝန်းကျင်ဒေသများမှသူများ နေ့စဉ် လာရောက်ဖူးမြော် ကြကြောင်း၊ စနေ၊ တနင်္ဂနွေ နေ့များတွင် အဆိုပါ ကျောက်တုံးကြီးကြီးဆီသို့ လာ ရောက်လေ့လာ သူများအဆင်ပြေစေရန် ကားတစ်ချို့ ပြေးဆွဲ ပေးနေကြောင်းလည်း သိရသည်။
ကျောက်တုံးကြီး ၏ နာမည်သတင်း ကျော်ဇောမှု ကြောင့် ယခုအခါ တွင်သက်ဆိုင်ရာ မှစာတစ်စောင် ရောက်ရှိ လာပြီး အဆိုပါ ကျောက်တုံးကြီးကို နဂိုမူလ အတိုင်း ထိမ်းသိမ်းပေးထား ရန်နှင့် စေတီဘုရား တည် ခြင်းအမှု တို့ကို လူကြီးများ ကိုယ်တိုင် လာရောက်စစ် ဆေးပြီး စေတီ ဘုရား တည်ခွင့်ပြု မည်ဖြစ်ကြောင်း အကြောင်းကြား စာပို့ထားသည်ဟုသိရသည်။
“ ကျွန်တော် တို့ကတော့ သက်ဆိုင်ရာ ကလာစစ် ဆေးမယ်၊ ဘာမှ မပြုမပြင်ဘဲ ထားရှိပေးရမယ် ဆိုတော့ အခုဘုရား တည်မယ့် ကျောက်တုံးကြီး ပတ်ပတ်လည်မှာ ရွှေချဖို့ အတွက် ခံဆေး သုတ်ထားတာ ကိုရပ်ထားပါ တယ်။ လာတဲ့သူတွေ ကများများလာတာ ကြောင့် ကျွန် တော်တို့ရှိ တဲ့ဒေသခံတွေနဲ့ လာရောက် တဲ့သူတွေ အဆင်ပြေအောင် လမ်းပြင်ပေးတာတွေ၊ လမ်းညွှန် ဆိုင်း ဘုတ်တွေ လမ်းဆုံ လမ်းခွတွေမှာ လိုက်ပြီး စိုက်ထားပေး တာတွေ ကိုတော့လုပ်ပေး ပါတယ်။ ဘုရား တည်တာက တော့ ဒီဝါကျွတ်ပြီး သီတင်းကျွတ် ရောက်ရင်တော့ တည်ဖြစ်မယ် လို့မျှော်လင့်ထား ပါတယ်” ဟုအဆိုပါ ကျောက်တုံးကြီး တည်ရှိရာအနီးမှ ဒေသခံရွာ ရွှေပြည် အေးကျေးရွာ ၊ ဘာသာရေးနှင့်လူမှုရေး ဥက္ကဋ္ဌ ဦးမြင့် ဟန်က ပြောကြားသည်။
ထူးခြားဆန်းပြားပြီး အံ့သြဖွယ်ရာကောင်းသော၊ မမြင်ရ သော်လည်း လူပြော သူပြောများနေသည့် ထူး ခြား ဆန်းပြားမှုမျိုးစုံရှိနေသည့် အဆိုပါကျောက်တုံးကြီး ပေါ်တွင်အမြန်ဆုံး ဘုရားတည်နိုင် စေရန်ကိုမူ ဒေသခံ ရွာသူ ရွာသားများ၊ အနီးနား ပတ်ဝန်းကျင်ရွာများမှ လာရောက် ဖူးမြော် လေ့လာကြသူတို့က မျှော်လင့် လျက် ရှိနေကြပါသည်။ မြန်မာပို့စ် သတင်းဂျာနယ်အဖွဲ့အနေ ဖြင့်လည်း မည်သို့ပင်ဖြစ်စေ ကာမူ ထူးခြား ဆန်းပြား သော အဆိုပါ ကျောက်တုံးကြီးဆီသို့ ခက်ခက်ခဲခဲ ရောက်ရှိ ခဲ့ချိန်တွင် လွန်စွာမှ ၀မ်းမြောက် ၀မ်းသာဖြစ် ရပြီး၊ စာဖတ်ပရိသတ် တို့ထံ အချိန်မီ တင်ပြခွင့်ရရှိသည် ကို ပိုမို၍ ပီတိဖြစ်ရပါသည်။
အဆိုပါ ကျောက်တုံးကြီး ပေါ်တွင် စေတီဘုရား တည်ခွင့်ကို ထူးခြားသော အိပ်မက်အရ လမ်းကြောင်း ရှာဖွေ တွေ့ရှိခဲ့သော ဆရာတော်နှင့် တပည့်၊ ဒါယိကာ၊ ဒါယိကာမများ တည်ထား ခွင့်ရမည်လား၊ နိုင်ငံတော်မှ ဦးစီး ဦးဆောင်ပြု၍ တည်ထား ကိုးကွယ်မည် လားဆို သည်ကိုမူ မည်သူမျှ မသိရှိရသေးပါ။
လာမည့် သီတင်းကျွတ် ကာလအရောက်တွင် ယခု ကတည်း ကနာမည်ကျော်ကြား နေသော ဆံတော်ရှင် ကျိုက်ထီးရိုး ပုံစံတူကျောက်တုံးကြီး ပေါ်၌ စေတီတော် တစ်ဆူ ပေါ်ထွန်းလာ တော့မည်ဟု မျှော်လင့် ရပါသည်။
http://www.facebook.com/nwayoo.maungmaung
မူရင်းကဒီမှာပါ။ ဒကာလေး မောင်လှမျိုးအောင်နဲ့ facebook မှာတွေ့ရင်းတင်ခွင့်တောင်းလိုက်ပါသည်။ 

“၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

ဒီနေ့ဝါဆိုလပြည့်နေ့ဆိုတော့ ၀ါဆိုလအကြောင်းလေးရေးဘို့စိတ်ကူးမိထားတယ်.။စိတ်ကူးပြီး ဖေ့ဘုတ်စာမျက်နှာတွေလှန်လှောကြည့်မိတော့ ရေးဘို့အကြောင်းတွေ တိုက်ဆိုင်နေတယ်။ ဒီနေ့ပဲ သူငယ်ချင်းနဲ့ အတူတူ ဟို စရဏဘူတာနားမှာ ကျရည်ခေါ်တဲ့လဘက်ရည် တူတူသွားသောက်ရင်း မိဂဒါဝုန်နားမှာ ဘုရားကိုအာရု့ပြုရင်းစိတ်ကူးလေးနဲ့ မြန်မာပြည်ကို အောက်မေ့တမ်းတ လွမ်းနေမိတယ်.။ကျရည်ဆိုလို့ သံပုရည်လေးညှစ်ထည့်ပြီး ဆားပုတ်ခဲသဘောမျိုး အမှုန့်လေးတွေနဲ့ထည့်ပြီးသောက်ရတာ အင်မတန်အရသာတော့ရှိတယ် ၂ ဦးသားသောက်ကောင်းကောင်းနဲ့သောက်လိုက်တာ ၃ ခွက်ဆီသောက်လိုက်တယ်။ ကျမ္မာရေးလဲညီညွတ်စေတယ်ပေါ့။သူတို့ကုလားတွေကတော့တခွက်ပဲ သောက်လေ့ရှိတယ်ပေါ့
မိမိတို့ကတော့ ၃ ခွက်ထိဆင့်သောက်လိုက်တယ်..။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာ တရားတော်ကိ
ု မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ၀ါရ-အမည်ဖြင့် လာရှိပါသည်။
မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။

(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ

(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ၀ါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-

၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၎။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
အထက်ဖော်ပြပါ ၀ိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တို့က ဤ၀ါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ၀ါဆိုပန်းများ ကပ်လှူခြင်း၊ ၀ါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ၀ါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။