အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, February 28, 2012

အမရပူရမြို့ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ သြ၀ါဒတော်များ


  • ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ

အလုပ်တစ်ခုကို လုပ်လျှင် ကောင်း၊ မကောင်း စီစစ်ပြီး ပြုပြင် လိုက်ကြစမ်းပါ။ သူများကို မနာလို ဝန်တိုဖို့လည်း မလိုဘူး။ အဲဒီ စိတ်တွေ ဖြစ်လျှင် ကိုယ်သာ ဆင်းရဲ ရတယ်။ စိတ်ဆိုတာ ကောင်းတဲ့အာရုံ အမြဲ ထုံပေးနိုင်မှ တော်ကာကျတယ်။ သူများ ချမ်းသာတာကို “ချမ်းသာပါစေ” လို့ ဝမ်းမြောက် လိုက်လျှင် တစ်ဖက်သားမှာ ချမ်းသာတယ်၊ မချမ်းသာဘူးတော့ မသိဘူး။ ကိုယ်တော့ စိတ်အေး သွားရတာတော့ အမှန်ပဲ။

  • မမေ့တတ်သူ

လောကဆိုတာ အမေ့ပေါင်းစုံနဲ့ မျောနေကြတာ။ သူတို့ကသာ မေ့နေကြတာ၊ သေမင်းကတော့ မေ့ရဲ့လား၊ အချိန်ကျ ဆွဲသွားတာပဲ။

  • နှမ်းတစ်ဆုပ်စာ ယူစားမိလို့

ရှေးတုန်းက ဇာတ်တော်ထဲမှာ ဒိသာ ပါမောက္ခ ဆရာကြီးထံ တပည့်တွေ ငါးရာလောက် ပညာ သင်နေကြတယ်။ အဲဒီထဲက မင်းသား တစ်ယောက်ဟာ လမ်းမှာ လှမ်းထားတဲ့ နှမ်းဖျာကို တွေ့တော့ တစ်ဆုပ်မျှ ယူစားမိတယ်။ နှမ်းရှင်က ဆရာကြီးကို လာတိုင်တော့ “ယူစားရမလား” ဆိုပြီး ရိုက်တယ်။ အစပိုင်း မှာတော့ မကျေနိုင် ဘူးပေါ့။ နောက်လည်း ယူမစား ဝံ့တော့ဘူး။ နောင်တစ်ချိန် ကျတော့ အဲဒီ သူဟာ ရှင်ဘုရင် ဖြစ်လာတယ်။ အဲဒီ အခါကျမှ သူ ကျေးဇူး တင်တယ်။ ဟိုတုန်းက ဆရာကြီးသာ မရိုက်ခဲ့လျှင် အကျင့်ဆိုး ပျောက်မှာ မဟုတ်ဘူး။ ကြိမ်လုံး ကြောက်လို့ ဖျောက်ခဲ့တဲ့ အတွက် အခုလို တိုင်းပြည် ခေါင်းဆောင် ဖြစ်လာ ရတာလို့ ကျေးဇူး တင်သတဲ့။

  • အကောင်းချင်း ဆုံချင်မှ ဆုံတာ

သတ္တဝါတွေ ဆိုတာ ရှေးကံစီမံတဲ့ အတိုင်း ဖြစ်ကြရတာ။ အမျိုး၊ စည်းစိမ်၊ ရုပ်ဆင်းအင်္ဂါ၊ ကျန်းမာခြင်း၊ ဂုဏ်သတင်းစတဲ့ အရာတွေဟာ စေတနာ အလျှောက် ပေါ်ပေါက် ကြရတာပဲ။ ယခု ဘဝမှာ စေတနာ သဒ္ဓါတရား နည်းခဲ့ရင် နောင်ဘဝ တွေမှာ ဒီစေတနာတွေရဲ့ ရောင်ပြန် ဟပ်ခြင်း ခံရမယ်။ စေတနာ ကွက်သူများဟာ ချို့ချို့ငဲ့ငဲ့ အကျိုးပေးလေး ကိုတောင် ပြည့်ပြည့်ဝဝ ခံစားကြရမှာ မဟုတ်ဘူး။

  • ပါရမီဓါတ်ခံ မညံ့စေချင်ပါ

ဘုရား သာသနာနဲ့ တွေ့ဖို့ထက် ဆရာသမားကောင်း၊ မိဘကောင်းနဲ့ တွေ့ဖို့က အရေးကြီးဆုံး အချက်ပါ။ ဘုရား သာသနာတော်ကြီးနဲ့ တွေ့ရပေမယ့် စိတ်ထား၊ စေတနာထား မမှန်ဘူး ဆိုရင် အလကားပဲ။ အရှင်ဒေဝဒတ် တို့ကို ကြည့်ပါလား၊ ဘုရား သာသနာတော်ကြီးနဲ့ တွေ့လို့ သာသနာ့ဝန် ထမ်းဆောင် နေပေမယ့် ပဲ့ပြင် ဆုံးမ ညွှန်ပြ တတ်သူကို မရဘူး ဆိုရင် တွေ့ရကျိုး မနပ်ပါဘူး။ ဒီသာသနာနဲ့ တွေ့လို့မှ ကောင်းတဲ့ ဘက်ကို မယိမ်းတဲ့ သူဟာလည်း အင်မတန် ပါရမီဓါတ်ခံ ညံ့လို့ပဲလို့ ဆိုရမှာပဲ။

  • ပင်ကိုယ်ကောင်းတဲ့သူမှ

လူတစ်ယောက်ရဲ့ ဘဝတစ်ခုဟာ သစ်ပင်ငယ်ကလေး လိုပဲ။ ငယ်ငယ်က ဖြောင့်လာမှ ကြီးလာ တော့လည်း ဖြောင့်တက် သွားနိုင်တယ်။ ငယ်ငယ်က မဖြောင့်ဘူး ဆိုရင် ကြီးတော့လည်း မဖြောင့်ချင် တတ်ဘူး။ မျိုးရိုးလည်း လိုက်တတ် ပါတယ်။ ခွေးကလေး ငယ်ငယ်က အမြီး ကောက်တာ ကြီးတော့လည်း ကောက်မြဲ ကောက်သလို ပေါ့။ များသော အားဖြင့် ပင်ကိုယ် ကောင်းတဲ့ သူမှ တစ်လျှောက်လုံး ကောင်းတတ် ပါတယ်။

No comments:

Post a Comment