အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Saturday, February 18, 2012

မြတ်စွာဘုရား(၈)၀ါမြောက်ဝါဆိုခဲ့ရာ သံသုမာဂိရိမြို့

"တိပိဋကတပုံဆောင်ဆရာတော်ကြီးများနှင့်အတူ"
ဦးဃောသိတ(ရေနံချောင်းဆရာတော် ဦးကောဏ္ဍည(ရန်ကြီးအောင်ဆရာတော်)

ဒီနေ့ ၁၇.၂.၂၀၁၂ နေ့ နံနက် ၅နာရီခွဲကျော်ကျော်လောက် မိမိဖုန်းအား ဖုန်းသံမည်လာသည်။ညကလည်း အချိန်အတော်ဥာဉ့်နက်မှလည်း အချိန်နက်မှ အိပ်ယာဝင်ခဲ့လေတော့ မျက်စိတို့သည် ကျိန်းစက်စက်။သို့သော် ဖုန်းသံကြောင့် ဖုန်းကိုကောက်ကာကိုင်မိတော့၏။ ဟုတ်ပါလား..ဒီနေ့စောစော အမိမြန်မာပြည်မှာလာသော ဆရာတော်တွေအား သူငယ်ချင်း အရှင်သုန္ဒရ (ဂယာ) မှအကူညီတောင်းထား၍ ကားကိုညမှငှားထားတာမေ့နေတော့၏။ကားသမားသည် သူရောက်နေကြောင်းပြောတော့၏။ ဒီတော့မှ မိမိလည်းသတိရကာ မျက်နှာသစ်ကာ ကားရှိရာသို့ သွားခဲ့တော့၏။ အချိန်ကား ၆နာရီထိုးဘို့ အနည်းကျဉ်းမျှလိုတော့၏။ ကားကလေးသည်လည်း ၄င်းဆရာတော်များရှိရာ ဆေးဝင်္ကဘာမြန်မာကျောင်းသို့ ဦးတည်လျှက် ကားပေါ်က ဆင်းလိုက်သည်နှင့် “ သံသုမာဂိရိတောင်=သံသုမာဂိရိမြို့“မြတ်စွာဘုရား၏ အတိတ်ဘ၀က မိဘတော်ခဲ့ဘူးသော နကုလပိတာနကုလမာတာတို့၏ဇာတိချက်ကြွေ နေရာလေးသို့ သွားရန် အဆင်သင့် စောင့်ကြိုနေသော ဆရာတော်များသည် မိမိအား တွေ့သည်နှင့်တပြိုင်နက် အဆင်သင့်ဖြစ်နေပြီ ဦးဇင်း ရေ .တဲ့ မိမိလည်း ထိုအဆင်သင့် စကားလေးကို ဥပေက္ခာပြုပြီး အာရုဏ်ဆွမ်းအတွက် ဆွမ်းကျောင်းဆောင်သို့ အပြေးလေးသွားခဲ့တော့၏။အာရုဏ်ဆွမ်းမှာ ကြာဆံကြော်နှင့်ကော်ဖီမစ် ပေါ့။မစားရတာကြာပြီဖြစ်တဲ့ကြာဆံကြော်အား၂ ပွဲလွေးပြီး ဆရာတော်တို့အားအရိုသေပေးပြီး ကားပေါ်သို့တတ်ကာ သံသုမာဂိရိရွှေမြို့တော်သို့ ထွက်လာခဲ့တော့၏။ မနက်ဝေရီ ဝေလင်းမို့ ကားများ ဆိုက်ကားများရှင်းလျှက် မိမိကားလေးသည် အရှိန်ပြင်းစွာ သူတာဝန်ကျေပြွန်အောင် တဝေါဝေါဖြင့်မောင်းနေတော့၏။ ကားပေါ်ရောက်မှာ စကားစပ်မိစပ်ရာပြောခဲ့တော့၏။ ၄င်းဆရာတော်များမှာ တိပိဋက တပုံဆောင် ဆရာတော်များဖြစ်နေတော့၏။ တပါးမှာ ဇာတိနတ်မောက်မြို့သားတဲ့။တိပိဋကတပုံဆောင် ဘွဲ့တော်မှာ ဦးဃောသိတာဖြစ်၏။နောက်တပါးမှာလည်း မှော်ဘီမြို့ ရန်ကြီးအောင်ဆရာတော်ဟု သိရပြန်သည် ၄င်းဆရာတော်မှာလည်း ပိဋက တပုံဆောင်ဖြစ်သည်။ဘွဲ့တော်ကား ဦးကောဏ္ဍညဖြစ်၏။ ကျန်တပါးမှာ ကျိုက်ထီးရိုးတောင်ပေါ် ရသေ့တောင်တန်းတနေရာတွင်သီတင်းသုံးသောဆရာတော်ဖြစ်၏။သူဘွဲ့မှာ ဦးဓမ္မိက ဖြစ်၏။ စကားစပ်မိရာရာများကို ပြောမိတော့၏။ ရီစရာများလည်းပါသလို သတိသံဝေဂရစရာများလည်းပါရှိ၏။ဗဟုသုတတွေလဲပါသလို မှတ်သားစရာအချို့လဲပါရှိ၏။ ကားကလေးမှာတော့ တာဝန်ကျေပြွန်စွာနှင့်မောင်းနှင်နေဆဲ မောင်းနှင်နေမြဲ မိမိတို့မှာတော့ အမိမြန်မာပြည်အကြောင်းလေးတွေအချို့နှင့် မြတ်စွာဘုရားနှင့်ပတ်သတ်သော အကြောင်းအရာအချို့ပြောရင်း ရောက်ခဲ့ပါပြီ။ သံသုမာဂိရိတောင်ပေါ့။ မြတ်စွာဘုရား(၈)၀ါမြောက်ဝါဆိုခဲ့တဲ့နေရာပေါ့။ဗာရာဏသီရွှေမြို့တော်နှင့်ဆိုရင်ကီလိုမီတာ ၅၀ လောက်ဝေး၏။ ရောက်ပြန်တော့လဲ စိတ်ထဲမကောင်းမိခဲ့ ခပ်ဝေးဝေးမလှမ်းမကမ်းမှာတော့ ဟိန္ဒီဘုရားကျောင်း မြင်တွေ့နေရ၏။ ထေရ၀ါဒ နိုင်ငံဖြစ်တဲ့ မဇ္ဈိမသားတို့ဟာ မြတ်စွာဘုရားနှင့်ပတ်သတ်သမျှ ဥပေက္ခာပြုလျစ်လျှူရှုလျှက် မိမိတို့ မြတ်စွာဘုရားရှင်သည် လောကအားလုံး အကုန်အစဉ်သိတော်မူတတ် မြင်တော်မူတတ်တဲ့ ဘုရားရဲ့အယူဝါဒတွေပျောက်ကွယ်လို့ အယူသီးမှုတွေ နဲ့ လက်ခံကျင့်သုံးနေတတ်တဲ့ မဇ္ဈိမသားတို့ အပေါ် မကျေနပ်မိခဲ့ဘူးပေါ့။ သို့သော်နောက်ပွင့်မဲ့ အရိမေတ္တေယျ ဘုရားပွင့်လာခဲ့ရင် မဇ္ဈိမသားတို့ကို ဓမ္မရေအေးတိုက်ကျွေးပြီး အသိတရားတွေ ရရှိလာခဲ့ရင် ယ္ခု.. မဇ္ဈိမသားတို့ရဲ့အယူလွဲမှုတွေ ပျောက်ကွယ်နိုင်ကြပါစေ လို့ အတွေးထဲမှာ ဖြစ်နေမိတယ်လေ။ အမိမြန်မာပြည်မှ ထေရ၀ါဒအလိုကျ လက်ခံကျင့်သုံးနေကြပြီး မဇ္ဈိမသားတို့က မြတ်စွာဘုရားနှင့်အနေနီးခဲ့ပြီး ဘာလို့များ မြတ်စွာဘုရားအလိုတော်ကျ မနေထိုင်ကြပါသလဲဆိုတာ တွေးမိရင်း သူတို့အတွက် ရင်လေးနေမိခဲ့ရတယ်ပေါ့လေ။ အဓိကပြောလိုရင်းကတော့ မြတ်စွာဘုရားသည် ဒီမြေ ဒီဋ္ဌာန မှာပွင့်ခဲ့ပြီး ဘာလို့များ မြတ်စွာဘုရားရဲ့ နေခဲ့တဲ့နေရာတွေနှင့် မြတ်စွာဘုရားရဲ့အကြောင်း မြတ်စွာဘုရား၏ ဟောကြားတော်မူခဲ့တဲ့ ဓမ္မတရားတွေကို ဘာလို့ မလိုက်နာပဲ အယူသည်းမှု ၀ါဒတွေကို ဘာလို့လက်ခံကျင့်သုံးနေတာလဲ ဆိုတာတွေးရင်း အတွေးနယ်ထဲမှာ ။အယူသည်းမှု လူမျိုးစုတွေရဲ့ မြတ်စွာဘုရား၏ ပုံတော်များတွေ့ရင် မော်လို့တောင်ကြည့်ခွင့်မရခဲ့ရရှာတဲ့ မဇ္ဈိမလှပျိုဖြူတွေဟာ လဲ ကြည့်မိခဲ့ပြန်ရင်တောင်မှ သားဖွားမှု မရဘူးဆိုတဲ့ အယူသည်းမှု လူမျိုးစုတွေရဲ့ သွေးခွဲ စကား။တနည်းအားဖြင့် မလိုတမာစကားတွေကြောင့် မော်ဖူးကြည့်ပိုင်ခွင့် မရခဲ့ရရှာဘူးပေါ့။ ကြည့်မိခဲ့ပြန်ရင်လဲ ပုံတော်ကို ခဲနှင့်ပပစ်ပေါက်ရတယ်ဆိုတဲ့ မှားယွင်းစွာပြုမူတတ်ကြတဲ့ လူမျိုးစုတစုရဲ့မလိုတမာစကားတွေကြောင့် အော်.. တကယ်လို့များမြတ်စွာဘုရားသက်ရှိထင်ရှားရှိများရှိခဲ့ရင် ဘယ်လိုများ သူတို့လူမျိုးစုတွေအပေါ်မှာ ပြန်လည်ချေပ ပြောဆိုမှာလဲဆိုတာ တွေးမိခဲ့ပါတယ်။ ကြားဘူးခဲ့တဲ့စကားတွေကြောင့် မြတ်စွာဘုရား၏ ပုံတွေ အကျိုးအပဲ့ များတွေရှိခဲ့ရတဲ့ အကြောင်းရင်းသည် လှပျိုဖြူတို့၏ လက်ချက်ဖြစ်လေမလားဆိုပြီး ရင်ထဲမှာစိတ်မကောင်းမှုတွေ ရရှိခဲ့ရတယ်ပေါ့လေ။ ထိုသို့ တွေးနေရင်း သံသုမာဂိရီတောင်တန်းရဲ့အလှပတွေနဲ့ အော်….မြတ်စွာဘုရား၏ ရှေးအတိတ်ဘ၀က မိဘများတော်စပ်ခဲ့ဘူးသော နကုလပိတာနကုလမာတာ တို့ ဒီနေရာ ဒီကျေးရွာလေးမှာ နေထိုင်ခဲ့ကြပါလား ..သံ သုမ်.မာ ဟု အော်ခဲ့သော မီးချောင်းကြီးအကြောင်းတွေရယ် ။ မြတ်စွာဘုရားဒီနေရာလေး ရောက်လာခဲ့ရင် သား သား ဟု ခေါ်ကြလိမ့်မယ် နောက်ပါ ရဟန်းများကို

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက သီးခံခွင့်လွှတ်ကြဘို့မှာတမ်းခြွေခဲ့တဲ့စကားရပ်လေးတွေ ကြားယောင်မိပြန်တော့လဲ ပီတိအပြုံးလေးနှင့် ရှိနေချိန်မှာ တော် တောင်အလှအပရှုခင်းများ ကင်မရာနှင့် လှည့်လည်ရိုက်နေသော ဆရာတော် ဦးဃောသိတနှင့် ရန်ကြီးအောင်ဆရာတော်တို့ဟာ မြတ်စွာဘုရား (၈)၀ါမြောက်ဝါဆိုတော်မူခဲ့ရာကျောင်းတော်ကို နောက်ခံပြုပြီးအမျတ်တရ ဓါတ်ပုံရိုက်ပြီး ရာမနန်းတော်ရှိရာသို့ ကားကလေးသည် တရှိန်ထိုးသံသုမာဂိရိ တောင်ပေါ်မှ ဆင်းခဲ့လေတော့၏။

No comments:

Post a Comment