အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Tuesday, May 1, 2012

“ဘန်ကောက်မြို့တော်၏အပူရှိန်”


ဒီနေ့ဘယ်မှမသွားခဲ့ ကျောင်းမှာ အပူဒဏ်ကိုအံတုပြီး အခဏ်းထဲနေလိုက် အပြင်ထွက်လိုက် ရေချိုးလိုက်နဲ့အချိန်တို့သည် ကုန်မှန်းမသိကုန်လို့နေပြီ။ အချိန်တန်အိမ်ပြန်ရတော့မည်မို့ တောင်စဉ်မရ ဟိုတွေးဒီတွေး အတွေးတို့ဖြင့် ချာချာလည်လျှက် တခုတော့ကောင်း၏ ဘယ်အချိန်ရေချိုးချိုးအပူရှက်ခြင်းမရှိတာကိုကျေနပ်နေမိသည်။သို့သော် ရေချိုးသော်လည်း ခဏတာအအေးဓါတ်ရရှိသည် အပူရှိန်ကြောင့်ပြန်လည်၍ ပူလောင်အိုက်စက်စက်ဖြစ်လာပြန်၏။ ၁၀ နှစ်တာအတွင်းအပူရှိန်အများဆုံးဟု ဒေသခံတဦးမှပြောပြလို့ သိခွင့်ရခဲ့သည်။ ကံများဆိုးလေရော့သလား မိမိရောက်မှ အပူရှိန်များရသည်မို့ စိတ်တော့မကောင်းမိခဲ့။ အမိမြန်မာပြည်မွေးသမိခင်ဆီဖုန်းဆက်မိသည် အညာဒေသမှာတော့ မိုဃ်းတွေရွာနေသည်ဟူ၏။ ကောင်းလိုက်သည်ဖြစ်ခြင်း။ မိမိမှာတော့ အပူရှိန်ကြောင့် ၀ပ်တလုံးကျောင်း၏ အရိပ်အာဝါသဟုခေါ်ဆိုရမည့် ပိတောက်ပင်ရိပ်သည် အပြည့်ဝအအေးဓါတ်မပေးနိုင်လင့်ကစား သက်သာရာရစေသည်မို့ ပိတောက်ပင်ရိပ်အောက်မှာ ရဟန်းတော်များသည်လည်း သက်သာရာရစေရန် ပိတောက်ပင်ရိပ်အောက်မှာ ထာဝစဉ်ရှိနေတတ်သည်မို့။ ကုလားဘုန်းကြီးများနှင့် မြန်မာဘုန်းတော်ကြီးများတို့ အားကိုးအားထားရသည့် ပိတောက်ပင်ရိပ်သည် လေအေးစက် လေပန်ကာထက်ကောင်းမွန်လှ၏။ကျောင်း၏ အနောက်ဘက်မှာတော့ ချောင်းဟုခေါ်လေမလားရေများတသွင်သွင်စီးလျှက်တခါတရံမော်တော်သေးလေးများ  မောင်းနှင်လျှက်ကြားရသည်။ ထိုချောင်းငယ်လေးထဲမှာတော့ အမြဲကြည့်လိုက်တိုင်း တတောင်ခန့်ကျော်ကျော်ငါးကြီးများသည် မြူးတူးလျှက် ထမင်းလုံးများပစ်ချလိုက်လျှင် သူသူငါငါ လုယက်လျှက်ရှိနေသည်။ သူတို့ကိုကြည့်ပြီး ပျော်ရွှင်မိသည်။ အပူဒဏ်ကိုမကြောက် ၀ပ်တလုံးကျောင်းရှိသံဃာတော်များရဲ့စွန့်ပစ်အစာများကို စားပြီးပျော်ရွှင်နေကြသည်။ ဘန်ကောက်မြို့တော်၏ အပူရှိန်သည် လှတောသားစကားငှားပြီးပြောရလျှင် သင်္ကန်းတစုံလျှော်ဖွတ်ကာ ရေချိုးနေစဉ်မှာပင် ထိုသင်္ကန်းသည် ခြောက်သွေ့မလောက်ဖြစ်၏။ တခါတရံ မိမိ၏အသားများကိုပင် ပြန်လည်ကိုင်နေမိ၏။ ငါ၏ အသားတွေတောင် ကြော်ထားသလိုများဖြစ်နေရော့မလားဆိုပြီး အတွေးကြောင့် မကြာမကြာကိုင်တွယ်ကြည့်မိ၏။ အဟီး.တော်ပါသေးရဲ့ ဘာမှမဖြစ်ဘူးဆိုပြီး တယောက်ထည်းတွေးရင်း ရယ်နေမိသည်။ မိမိနေရာ ဗာရာဏသီရွှေမြို့တော်ကို အောက်မေ့နေမိသည်။ တမ်းတနေမိသည်။ မိမိနေသောအိမ်၏ရှေ့မှ တရုတ်ဇီးသီးပင်အရိပ်လေးမှကြိုဆိုနေမလား..? မိမိအခဏ်းလေး၏ နွေရာသီ အအေးဓါတ်လေးမှလည်းကြိုဆိုနေမလား.?စသည့်စသည့် အတွေးလေးဖြင့် ပြန်မဲ့ရက်တို့သည် တဖြည်းဖြည်းနဲ့နီးလာခဲ့သည်မို့  (သူလေးလဲမျှော်နေရှာရော့မည်ပေါ့နော်..အိန္ဒိယနိုင်ငံ၏ အပူရာသီမှာ ဥသျှစ်သီးဖျော်ရည်) ကိုဆိုလိုပါ၏။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာလည်ပတ်စဉ် မိုဃ်းရွာခြင်းကြောင့် သွားရေးလာရေးနှောင့်နှေးခြင်း. တောင်တွေပြိုခြင်းတို့ကြောင့် အလိုမရှိပဲ ရွာသောကိုရွှေမိုဃ်းကိုအလိုလို စိတ်တိုနေမိ၏။ ယခု အချိန် ကိုရွှေမိုဃ်းရယ် ရွာများရွာလိုက်ရင်ဟု အတွေးလေးကိုတွေးရင်း အပေါ်ကိုမော့ကြည့်ပြန်တော့လဲ တိမ်သားတိမ်လိပ်တို့သည်အပြာရောင်သန်းလျှက် နေသည် ခြစ်ခြစ်တောက်ပူမြဲပူလျှက်မို့ ၀ပ်တလုံးကျောင်းထဲရှိ ဈေးဆိုင်မှာတော့ ရေသန့်နှင့်အအေးပုလင်းများ ရောင်းအားကောင်းကြောင်း။။။။။

No comments:

Post a Comment