အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, May 20, 2012

“သည်နွေကိုအံတုလို့”

မနက်အာရုဏ်တတ်လာသည်နှင့် မိမိအိမ်ကို နေရောင်ဖြင့် စတင်မိတ်ဆက်တော့၏။ အပူဒဏ်ကြောင့် အိပ်မရခဲ့။ မိုးလင်းရက်တို့သည်နေ့ရှိသရွေ့ပေါ့။ တခါတရံ ၀ါသနာအရ ကွန်ပြူတာနဲ့ မိမိ စစ်တုရင် ကစားခဲ့သည်။ အချိန်မည်မျှ ကြာသည်ကိုတောင် သတိမထားမိခဲ့။ ငှက်ကလေးများ ကလိကလိ အော်သံကြားနေတော့မှ အော် မိုဃ်းတောင်လင်းနေပါပကောလား ဟု သတိရလာခဲ့သည်။ မီးပျက်ခဲ့ရင်တော့ မရှိမဲ့ရှိမဲ့ အင်ဗာတာမီးလေးနဲ့ အပူဒဏ်ကိုအံတုလျှက်။ အပေါ်မှလေပန်ကာသည်လည်း ကြာလာတော့ ပူလာသလိုခံစားမိသည်။ တခါတရံ အပြင်ထွက်ကာ လမ်းလျှောက်နေမိသည်။ အများသူငါတို့အိပ်မောကြနေချိန်မှာ မိမိ မအိမ်နိုင်တခါတရံ ခေါင်းအုံးနှင့်မျက်နှာကပ်ပြီး ရအောင်အိပ်ကြည့်သည် မရခဲ့။ အိမ်ရှေ့ လေခြူပင်အောက်မှာ ရေနွေးခွက်လေးကို ကိုင်လျှက် တယောက်ထည်းငုတ်တုတ်ထိုင်လျှက် ကြာလာတော့လဲ အချိန်ကို အလိုလိုကုန်စေချင်မိသည်။ ရာသီဥတုသည်လည်း နေလို့မထိ အချိန်တန် အိမ်ပြန်ချင်ပေမဲ့လဲ မပြီးဆုံးသေးတဲ့ တက္ကသိုလ်ကြောင့် စောင့်ရင်းစောင့်ရင်းနှင့်  နေ့မှသည် လ သို့ လမှသည် နှစ်သို့ ဗီဇာတောင်ကုန်တော့မှာပါလား…။ အမေများနေ့တွင် အမေ့ကို အမှတ်တရ အမေနဲ့စကားတွေ တ၀ကြီးပြောဖြစ်ခဲ့သည်။ အမေ့အသံသည် ဟို အရင် အရင်ကလိုတော့ မဟုတ်တော့။ ရာသီဥတု ပူသည်တဲ့။ အမေ့အသံသည် အားဆေးတခွက်မျှ သောက်သုံးရသလိုခံစားမိ။ ပြန်လာခဲ့ပါတော့လား.သားရယ်တဲ့။ ပြန်လာချင်ပါ၏။ သို့သော် အခြေနေလေးများထူးလေမလားဆိုပြီး စောင့်လိုက်ဦးမည်ဟု အမေ့ကို ပြောလိုက်မိသည်။ သူငယ်ချင်းအပေါင်းသင်းတွေတောင်ပြန်ခဲ့တာ တပတ်ခန့်ရှိနေပြီ။ အခန်းကပ်လျှက် သူငယ်ချင်းမရှိပြန်တော့လဲ အဖေါ်ကင်းမဲ့ တယောက်ထဲ အတွေးစတို့ ဟို ရောက်လိုက် ဒီရောက်လိုက်။ မဇ္ဈိမဒေသ တနေရာမှာ အတွေးနယ်ချဲ့နေခဲ့ရပြီလေ။ ဒီအချိန် အမိမြန်မာပြည်ပြန်နေကြအချိန်။ ကြိတ်မှိတ်ကာနေရပေဦးမည်။ အဖေါ်ဆိုလို့ မိမိ အိပ်ယာဘေးမှ ကွန်ပြူတာနဲ့..အင်တာနက်လေးချိတ်လျှက် ဟိုကလိ ဒီကလိ တခါတရံ စစ်တုရင်ထိုးရင်း အချိန်တွေကုန်မှန်းမသိကုန်ခဲ့သည်။ အချိန်တန်လို့ စားဘို့ကြံမှိပြန်တော့လဲ ၃ လ ပိုင်းက ပြန်သွားကြတဲ့ ဆရာလေးများကောင်းမှုကြောင့် ငါးခြောက်လေး ၂/ ၃ ကောင်ခန့်ကို မီးကြီးခဲနဲ့မဟုတ်သော်ငြားလည်း ဂက်စ်အိုးနှင့် အဆင်မပြေပေမဲ့ပြေသလို ၀မ်းရေးအတွက် လှုပ်ရှားခဲ့ရပြန်သည်။ အကြော်စုံလေးနဲ့ ဟင်းမဟုတ်သော ဟင်းအမည်ရှိ ငါးခြောက်ဖုတ်လေးနဲ့ ရေနွေးနဲ့မြှိုက်ချ အော် ဒါဟာ ဘ၀ ပါလား..။ ခပ်လှမ်းလှမ်းမှ စရဏ ဘူတာမှ ရထားဥသြသံသည် ကြာရှည်စွာ ဥသြဆွဲလို့ အလွမ်းဓာတ်ခံရှိသူအဖို့ လွမ်းလောက်စရာပေါ့။ တခါတရံ တိဘက်တက္ကသိုလ်ဘက်ဆီမှ ဥသြသံ တချက်တချက်ကြားမိပြန်တော့လဲ အလွမ်းသီချင်းသီဆိုတတ်တဲ့ ဥသြငှက်လေးရယ် မင်းလဲ ငါ လိုပါလား..သို့သော် မင်းက တောင်ပန်တစုံနဲ့ သွားလိုရာသွားနိုင်ပျံနိုင်တဲ့အင်အားတွေနဲ့ ငါ့မှာတော့  အတောင်ပံလေးများတစုံ ရှိခဲ့ရင် အမိမြန်မာပြည်ကို ပြန်လိုက်ချင်ပါဘိ ။ သို့သော်…မဖြစ်နိုင်တဲ့အတွေးမို့ ရှေ့မှရေနွေးခွက်ကို မော့ရင်း..အိပ်စက်စက်ဖြစ်လာသည်နှင့် ရေချိုးခန်းထဲသို့ ၀င်ပြီး.ပူလောင်မှုကို တခဏတာဖြေဖျောက်နိုင်ရေးမို့ ရေချိုးမိလိုက်တော့သည်။

No comments:

Post a Comment