မနေ့က ညနေစောင်းလေးမှာ သရက်သီးစားချင်စိတ်လေးဖြစ်မိတာနဲ့ စက်ဘီးလေးနဲ့ ထွက်သွားခဲ့တယ်။ အိုညနေခင်းနေသာဝင်တော့မှာ အပူရှိန်ကတော့ ပူမြဲပါပဲ။ မရောက်တာကြပြီဖြစ်တဲ့ တြိပူရ် ဘက်လည်း သွားရင်းပေါ့။ သွားရင်းသွားရင်းနဲ့ ဘယ်ရောက်လို့ရောက်မှန်းတော့မသိတော့ဘူး။ ကုလားအိမ်ကြိုအိမ်ကြားတွေထဲမှာ နွားချေးတို့ဖြင့် နံစော်နေခဲ့တယ်။ ရထားသံလမ်းတနေရာကိုရောက်ခဲ့ပြန်တယ်..အော် ဒါတော့သိပြီ အာရှပူရ် တနေရာပဲဆိုပြီး ဆက်သွားခဲ့ပြန်တယ်။ မိမိစားလိုသော သရက်သီးကားအထူးတော့မဟုတ် သရက်သီးစိမ်းဖြစ်တယ်။ သရက်သီးစိမ်းလေးကို ဒါးလေးနဲ့ ကွင်းလို့ ကွင်းလို့ လှီးပြီး သရက်ချဉ်အဖြစ်စားချင်မိလို့ လျှောက်ရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး။ ဒါနဲ့ အာရှပူရ်နဲ့ မလှမ်းမကမ်း ၃ ကီလိုလောက်မှာရှိတဲ့ ၅ ကီလိုဈေးသွားမှဆိုပြီး ဆက်နင်းခဲ့တယ်။ လမ်းကလဲ ဆိုးဝါးလိုက်တာ ဒီနေ့နင်းရတာ သွားရတာ အဆင်မပြေပါလားဆိုပြီး အရမ်းမောလာခဲ့တယ်။ တနေရာအရောက် စက်ဘီးကြည့်မိတော့ နောက်ဘီးကလေမရှိတော့ အော် ဒါ့ကြောင့်ကိုး ဆိုပြီး မလှမ်းမကမ်းတနေရာရောက်တော့ လေ၀င်ထိုးခဲ့တယ် ရူပီး၁ ရူပီးပေးပြီး ဆက်သွားခဲ့တယ် ။၅ ကိလိုဈေးရောက်တော့ ဈေးရောင်း ဈေးဝယ်တွေနဲ့ ရှုတ်ပွေလို့နေတယ်ပေါ့။ စားလိုသော သရက်သီးစိမ်းတွေ့တော့ မေးကြည့်တယ် လက်ထဲမှ ၄ လုံး ကိုင်လျှက် ချိန်စေခဲ့တယ် တကီလိုတဲ့ ၄၀ တဲ့။ ဈေးကြီးတယ်ကွာ=ဗဟုမန်ငါး။ ဆိုပြီး လှည့်ထွက်ပြန်လာခဲ့တယ်။ လက်တွန်းလှည်းတွေရော ဆိုက်ကားတွေရော ကားတွေရော နွားတွေရော လူဦးရေထူထပ်ပေါများလှတဲ့အထဲမှာ နွားတွေကလဲ လူတွေ အလည် မြို့လည်ခေါင်တွေမှာ သူတို့မဟုတ်သလို ခပ်တည်တည်သွားလာလို့နေကြတယ်လေ။ နွားလဲရှောင်ရ ခွေးလဲရှောင်ရနဲ့ မမိတမိ ဘရိတ်လေးကို လက်က ချိန်ဆနေရတယ်။ နဖူးကချွေးတွေကလဲ ဒူးပေါ်သို့ ကျစေခဲ့တယ်။ ခြေမထိတော့ မရောက်ဘူး စက်ဘီးနင်းလျှက်နဲ့မို့ ဒူးပေါ်သာ ကျခဲ့တယ်။ တနေရာရောက်တော့ ဒိုင်းကနဲ အသံမြည်လာတော့ ရော ပေါက်ပြီ စက်ဘီး ။ ရာသီဥတုကလဲပူတယ် လမ်းကလဲ ကြမ်းဆိုတော့ စက်ဘီးလည်းမနေနိုင်တော့ ငိုပြလိုက်တယ်။ ဒါနဲ့ သက်ဘီးလေးတွန်းပြီး ဆက်သွားနေခဲ့ရင်း မထူးပါဘူး နောတော့လဲ မတတ်နိုင် စက်ဘီးကိုပဲ ပေါက်လက်စလေးကို ခပ်ဆဆလေးနဲ့ နင်းခဲ့တယ်။ ဘန္တေဂျီ ပန်ချပ်..တချို့ကြပြန်တော့ ဂုရုဂျီ ပန်ချပ်။ ( စက်ဘီးပေါက်နေပြီလို့ဆိုလိုပါ၏။)သိတာပေါ့။ မြန်မာဘုန်းကြီးတွေကို ကုလားများက ဘန္တေကြီး ဂုရုကြီးလို့ခေါ်ကြတယ်ပေါ့။ မြန်မာမှမဟုတ် အခြားသော တိဘက် ကမ္ဘောဒီးယား ထိုင်း ဗီယက်မန် ရဟန်းတွေကို ဒီလိုပဲခေါ်တတ်ကြတယ်။ဒါပေမဲ့ မတတ်နိုင်ဘူး စက်ဘီးဆိုင်နဲ့လဲ တော်တော် ဝေးနေတော့ ဦးခေါင်းကိုငြိမ့်လျှက် သိတယ်ဆိုတဲ့အမူယာကိုပြခဲ့ပြီး ဆက်လက်သွားခဲ့တယ်ပေါ့။ မကြာခင် စက်ဘီးပြင်ဆိုင်ကိုရောက်ခဲ့တယ် ။ ၁၀ မိနစ်လောက်ထိုင်စောင့်နေခဲ့တယ်။ အော် ငါသွားရှာတဲ့ သရက်သီးစိမ်းလဲမရသေးပါလားဆိုပြီး စရဏတ၀ိုက်လှည့်ရှာပြန်တော့ တွေ့ပြီ ခပ်မာမာ လေး၃ လုံးရွေးပြီး ချိန်ခိုင်းပြန်တော့ အသားကီလို မရှိတရှိမို့ ၈ ရူပီး ကျလို့ ပေးကာပြန်လာခဲ့တယ်။ အိမ်ရောက်ရင် ဒါးလေးနဲ့ ရစ်လှီးပြီး ဆားလေးနဲနဲထည့်ကာ သရက်ချဉ်အဖြစ် လုပ်ရမည်ကို တွေးပြီး ခရမ်းချဉ်သီးကို ငါးပိလေးများများနဲ့ဆီပြန်ချက်ပြီး ဆွမ်းဘုဉ်းရတာလဲ မကောင်းတာ ကြာခဲ့ပြီမို့ စားချင်စိတ်အာသီသလေးကြောင့် နဖူးကချွေး ဒူးသို့ကျကာ လိုက်ရှာခဲ့ရသော သရက်သီးစိမ်း….။
No comments:
Post a Comment