အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Wednesday, June 29, 2011

အရှင်ဒေ၀ဒတ်အကြောင်းအဆုံးသတ်ပြီ..


ထိုအခါ မဟာပထ၀ီ မြေကြီးသည် အရှင်ဒေ၀ဒတ်ကို ရှေ့သို့ ဆက်လက်မသွားနိုင်ရန် . ဆုပ် ကိုင်၍ ဆွဲယူလိုက်သကဲ့သို့ မလှုပ်နိုင် မရှားနိုင် မသွားနိုင် တော့ပဲ မြေကြီးထဲသို့ နစ်၍ နစ်၍သာ သွားလေ တော့၏။ ချေမျက်စိ . ဒူးဆစ် . ခါး . ရင်ဘတ် . လည်ပင်း .. မေးရိုးအထိ အဆင့်ဆင့် နစ်၍ နစ်၍ သွားလေတော့၏။

အရှင်ဒေ၀ဒတ်သည် သူ့ကိုသူ သိလိုက်ပြီး ဖြစ်၏၊သူသည် ဒီဘ၀ ဒီခန္ဓာ ဒီအတ္တဘောဖြင့် နောင် တော်ကြီးဘုရားရှင်ကို ဖူးမျှော်ခွင့်ရတော့မည်မဟုတ်ပေ၊(အမှန်အားဖြင့် ဒီဘ၀တွင်သာ မဟုတ်၊ ဘယ် သောခါမှ ဘုရားရှင်ကို တစ်ဖန် ဖူးမျှော်ခွင့်ရတော့မည် မဟုတ်ပေ၊ ) သို့သော် ရင်ထဲမှာ ရှိနေ သော သိနေသော ဘုရားရှင်၏ ဂုဏ်ကျေးဇူးများကိုဖေါ်ထုတ်၍ ဘုရားရှင်ကို ဆည်းကပ် ကိုးကွယ် ကြောင်း ဤနေရာ ဤအရပ်မှသည် လျှောက်ထားချင်ပါသေး၏၊

မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရား အထံပါးသို့ ခစားချဉ်းကပ် မဆည်း ကပ်နိုင်တော့သည် တပည့်မိုက် ရဟန်းမိုက် ညီတော်မိုက်၏ လျှောက်စကား အဝေးမှနေ ကြားနိုင်ပါစေသား ကြားပါစေသားဘုရား….။

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
ဒေ၀ါတိဒေ၀ံ နရဒမ္မသာရထိံ။
သမန္တစက္ခုံ သတပုညလက္ခဏံ၊
ပါဏေဟိ ဗုဒ္ဓံ သရဏံ ဥပေမိ


အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်တော်မူပေထသော၊ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျိုး ခိုကိုးရာအစစ် နတ်မင်းလည်း ဖြစ်တော်မူပေထသော၊ နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျှက် ယဉ်ကျေးအောင် ဆုံးမ တော်မူပေထသော၊ သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင် လည်း ဖြစ်တော်မူပေထသော၊ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာတော်လည်း ရှိတော်မူပေထသော၊တံ ဗုဒ္ဓံ - တု၍ မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင်ထိုနောင်တော် မြတ်ဘုရားကို၊ ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့်လည်း ကောင်း၊ ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်ယှက်ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့် လည်းကောင်း၊ သရဏံ - ဦးတင်ကျန ဖူးချင်လှလည်းမရတော့ပါ ကိုးကွယ်ရာဟူ၍သာလျှင် ၊ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့်ံ အာမ၀န္တံ အကုန်ခံ၍ အတန်တန် ဆည်းကပ်ခဲ့ပါ သည်ဘုရား။ ၀ါ - ဂတောသ္မိ - အဝေးမှသည်စိတ်ဖြင့်ရည်လျှက် ယုံကြည်သဒ္ဓါ ထုံသီကာဖြင့် မှန်စွာစင်စစ် အားကိုးရာ ဖြစ်ပါပေ၏ဟူ၍သာလျှင် သိမှတ် ဆည်းကပ်ခဲ့ပါသည် မဟာ ကရုဏာရှင် ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ကြီးဘုရား။

ဤသို့ဖြင့် အရှင်ဒေ၀ဒတ်သည် . သူစိတ်ထဲ၌ အားအရဆုံးသော အထင်ရှားဆုံးသော အကြည် ညိုဆုံးသော “ အဂ္ဂပုဂ္ဂလ ဒေ၀ါတိဒေ၀ နရဓမ္မသာရထိ သမန္တစက္ခု သတပုညလက္ခဏ ” ဟူသောဂုဏ်တော်ငါးမျိုးတို့ဖြင့် ချီးမွမ်းခန်းဖွင့်၍ ဘုရားရှင်ကို ကိုးကွယ် ဆည်းကပ်သွားခဲ့ပါ၏။

“ မိုက်သောသူသည် မိမိ မိုက်သည်၏အဖြစ်ကို သိ၏၊ ထိုသိမှုကြောင့် ပညာရှိ ဖြစ်နိုင်သေး၏၊ မိုက် သောသူသည် ငါ ပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ်လူမိုက် ဟူ၍ဆိုအပ်၏၊ ” တဲ့။ အရှင်ဒေ၀ဒတ်သည် မိမိ မိုက်သည်၏အဖြစ်ကို သိသူ ဖြစ်သွားသော ကြောင့် ဤဒေသနာတော်အရ ပညာရှိအဖြစ်ဖြင့် သူ့ဘ၀ကို နိဂုံးချုပ်သွားသူ ဖြစ်ပါ၏။

အမှန်အားဖြင့် အရှင်ဒေ၀ဒတ်သည် ပါရမီဖြည့်ဆည်းထားသူလည်း ဖြစ်ပါ၏၊ အရှင်ဒေ၀ဒတ် သည် ဤဘဒ္ဒကမ္ဘာမှစ၍ရေတွက် ကမ္ဘာတစ်သိန်းထက်၌ အဋ္ဌိဿရ အမည်တော်ရသည့် ပစ္စေ ကဗုဒ္ဓ ဖြစ်တော်မူမည်ဟု မိန့်ဆိုထားပါ၏။ပစ္စေကဗုဒ္ဓ ဘုရားရှင်တို့သည် နှစ်သင်္ချေနှင့် ကမ္ဘာ တစ်သိန်း ပါရမီဖြည့်ကျင့်ရပါ၏၊ ယခု ဤအရှင် ဒေ၀ဒတ်ဝတ္ထု ( ဓမ္မပဒ ) ၌ ကမ္ဘာတစ်သိန်း ထက်၌ အဋ္ဌိဿရမည်သော ပစ္စေဗုဒ္ဓ ဘုရားဖြစ်မည် ဟု မိန့်ဆိုချက်ကို ထောက်ဆသော အားဖြင့် နှစ်သင်္ချေ ပါရမီဖြည့်ပြီးသူဟုဆိုခြင်းဖြစ်ပါ၏၊ ထို့ကြောင့် အရှင်ဒေ၀ဒတ်သည် ပါရမီ ဖြည့်ဆည်းထားသူဖြစ်ကြောင်း သိသာလှပါ၏၊

ရဟန်းရှင်လူ မည်သူမဆို မမိုက်မှားအောင် နေထိုင်နိုင်ကြပါစေ၊ အကယ်၍ မိုက်မှားခဲ့သည် ရှိ
သော်လည်း မိမိအမှားကို မြင်၍ ရဲဝံ့စွာ ပြင်နိုင်ကြပါစေဟု.. ... .... ။ မူရင်းကဒီမှာပါ..http://www.newlightmyanmar.com/

No comments:

Post a Comment