အားထုတ်မှုကင်းရလျှင်းချမ်းသာ ထိုနေရာများရှိငြားမှန်စွာ သင်ကိုယ်တိုင်လည်းထိုပဲသွားပါ ငါ့ကိုလဲထိုပဲပို့ပေးပါ (သုသိမသုတ်)

Sunday, February 20, 2011

ကျီးငှက်၏မာယာ(၂ )


အမှန်အားဖြင့် မယုံကြည့်သင့်သည်ကို ယုံကြည်ခြင်းသည် သဒ္ဓါတရား မဟုတ်၊မိစ္ဆာဓိမောက္ခ -
မှားယွင်းစွာ ဆုံးဖြတ်မှုဖြစ်၏၊ ယင်းအမှား၏ရလာဒ် ကောင်းကျိုးမရနိုင်၊ ဆိုးကျိုးသာ ရနိုင်မည်
ဖြစ်ပါ၏၊

ပင်လယ်၏ တစ်နေရာ ကျွန်းငယ်၌ နှစ်ပေါင်းကြာမြင့်စွာ ဘေးကင်းရန်ကင်း စိတ်ချမ်းသာခြင်း
ဖြင့် နေထိုင်လာကြသော ငှက်အပေါင်းသည် မာယာကြွယ်သောကျီးငှက်၏ အဆန်းထွင်
လမ်းစဉ်ဖြစ်သည့် ခြေတစ်ဖက်မြှောက် လေစားကျင့်စဉ်ကို အဟုတ်ကြီး ထင်မှတ်သွားကြ၏
ထင်မှတ်ထားကြ၏၊ သူတို့ကို လမ်းပြမည့် ဆုံးမမည့် ကယ်တယ်ရှင် သူတော်စင် ငှက်ထူးကြီး အဖြစ် အားလုံးက ( စူးစမ်းမှုကင်းမဲ့စွာ ) အသိအမှတ် ပြုလိုက်ကြ၏၊

အရှေ့လောကဓါတ်မှ ထွက်ပေါ်လာစဖြစ်သော် နေရောင်ခြည် နုနုလေးသည် လောကဓါတ် တစ်ခုလုံးကို ဆလိုက်မီးထိုးသလို အလင်းရောင် စတင်၍ ပေးနေလေပြီ။
နံနက်ခင်း ငှက်မျိုးစုံတို့၏ တွန်ကျူး ပျော်မြူးသံတို့ဖြင့် ပင်လယ်ကျွန်းလေးသည် သာယာလှပ
နေတော့၏၊ ပါစက၀မ်းမီးသည် လောင်စာလို၍ ၀မ်းဗိုက်ကို အပူဟပ်နေလေပြီး၊ ငါ့ဝမ်းပူဆာ
မနေသာတော့၊ ငှက်များသည် ချစ်လှစွာသော ရင်သွေးငယ် မွေးကင်းစလေးများ အကောင် အဖြစ်မရောက်သေးသည် ဥကလေးများကို အသိုက်မှာ စောင့်ရှောက်သူမဲ့ ထားခဲ့၍ နေ့စဉ် အစာရှာထွက်ကြရ၏၊မည်သည့် ဘေးရန်မှတော့ ပေါ်မလာ၊ ပျော်စရာ ကမ္ဘာလေး ဖြစ်ခဲ့၏။

ယနေ့လည်း အခါတိုင်းနည်းတူ အစာရှာထွက်ရန် ပြင်ဆင်နေကြ၏၊ တောင်ပန်များဖျန့်၍
ပျံသန်းမည့် ခရီးလမ်းအတွက် အားစမ်းနေကြ၏၊ အခါတိုင်းတော့ အားလုံးအစာရှာထွက်ကြ၍
မှာစရာ မရှိ၊ ယခုတော့ သူတော်စင် ကျီးငှက်ရှိနေပြီဖြစ်၍ ၀မ်းစာအတွက် အစာရှာထွက်ခါနီး သူတို့၏ရင်သွေးငယ်များအား စောင့်ရှောက်ပေးဖို့ အပ်နှံခဲ့ကြ၏၊

ကျွန်းပျော်ငှက်တို့သည် အားလုံး အစာရှာ ထွက်သွားကြတော့၏၊ သူတော်ယောင်ကျီးငှက်
သည် ကျန်ခြေထောက်တစ်ချောင်းကိုပါ မြေပေါ်ထောက်လိုက်၏၊ထို့နောက်တော့ မွေးကင်း
စ ငှက်ငယ်လေးများ ရှိရာသို့ ခပ်သုတ်သုတ် ပြေးသွား၏၊တစ်ကောင်းပြီး တစ်ကောင်၊ဥတစ် လုံးပြီး တစ်လုံး၊ ဆာလောင်မွတ်သိပ်မှု ဝေဒနာ ခုမှ ဖြေသာသွားတော့၏၊ ယနေ့အတွက်
ဝမ်းရေးကိစ္စ ပြီးသွားပြီဖြစ်၍ မူလနေရာသို့ ပြန်သွားကာ“ ခြေထောက် ပါးစပ်ဟ” အယောင်
ဆောင်ပြ ကျင့်စဉ်ကို ဆက်လက်ကျင့်နေလေတော့၏၊

နေသည် တဖြည်းဖြည်း မြင့်တက်လာရာမှ နေ့မွန်းမတည့်မှီ အချိန်သို့ပင် ရောက်လာလေပြီ၊
အစာရှာထွက်သွားသော ငှက်တို့သည်လည်း အစာဝလို့ ဌာနသို့ ပြန်လာကြလေပြီ၊သူတို့နှုတ်
သီးများ၌ ရင်သွေးငယ်များအတွက် အစာများ ချီလာကြ၏၊ တစ်ချို့က စပါးနှံများ ညောင်သီး
လေးများ နေကြာစေ့များ မြေပဲဆံများ တစ်ချို့ ပိုးကောင်းလေးများ စသည်စသည် သယ်ချီလာ
ကြ၏၊ သူတို့၏ ရင်သွေးငယ်လေးများသည် အစာဆာလှ၍ မျှော်နေရှာကြပေရော့မည်၊
အစာဝလို့ ဌာနပြန်လာကြသော ငှက်တို့သည် မိမိတို့ အသိုက်မြုံရှိရာသို့ တန်းတန်းမတ်မတ်
ပြေးဝင်သွားကြ၏၊ တစ်ချို့ငှက်မိခင်များ ရင်သွေးငယ်များကို မတွေ့ရတော့၊ တစ်ချို့ ရင်သွေး
ဖြစ်လာမည့် ဥလေးများ မတွေ့တော့ ၊ တွေ့ရသည်များမှာတော့ ဥခွံကွဲများ သွေးစသွေးနများ။
သားပျောက် ဥပျောက်မိခင်ငှက်တို့၏ ငိုကြွေးမြည်တမ်းသံသည် ကမ္ဘာပျက်သလို ဆူညံသွားတော့၏၊ ကျူးရင်သံတို့ဖြင့် အမြဲတန်း ငြိမ်းချမ်းသာယာနေသော ကျွန်းသာယာလေး
သည် ယနေ့တော့ ငိုးကြွေးသံတို့ဖြင့် အစားထိုးနေလေပြီ၊ အေးမြသော မိခင်တို့၏ ရင်ခွင်သို့
သောက အပူမီးတောက်တို့ နေရာယူလာကြလေပြီ၊ သားသမီးအပေါ်ထားရှိသည့် သံယောဇဉ်
နှင့်ညီမျှသော သောကမီးတောက်တို့၏ အရှိန်သည် နှလုံးကွဲမတတ် ပူလောင်လှချေ၏တကား။

ကိုးကွယ်ရာမှ ဘေးဖြစ်လေပြီ၊ မိခင်ငှက်တို့သည် ဤကျွန်းသို့ တခြားမှ ပျံသမ်းလာသော သိမ်း ငှက်ကြီးများ စွန်ရဲကြီးများ လင်းယုံငှက်ကြီးများသည် မိမိတို့၏ ရင်သွေးငယ်များကိုစားသောက် သွားသည်ဟု ထင်မှတ်နေကြ၏၊ ကျီးသူတော်ယောင်ကိုကား မည့်သည့်ငှက်ကမျှ မိမိတို့၏ ရင်
သွေးများကို စားသည်ဟု မထင်မှတ်ကြ၊သံသယမျှပင့် မဖြစ်ကြပေ၊အကျင့်ပြင်းထန်သော လေစား ငှက်သူတော်စင်ကြီးဟုသာ စွဲမြဲစွာ ယုံကြည်ထားကြ၏၊
“ အိမ်ကိုဖျက်တာ ကြွက်၊ တောကိုဖျက်တာ မျောက်၊ ငှက်ကိုဖျက်တာ ကျီး ” ဟူသော စကား ကို ယင်းကျွန်းနေ ငှက်များ မသင်ဘူး မကြားဘူးကြလေရောင်တကား၊

ဤသို့ဖြင့် နေစဉ် ရက်ဆက်လိုလို အစာရှာသွားခိုက် ကျန်ရစ်ခဲ့သည့် ရင်သွေးငယ်များသည်
ပျောက်ခြင်းမလှ ပျောက်ပျောက် ကုန်တော့၏၊င့ါဝမ်းပူဆာ မနေသာ၍သာ အစာရှာထွက်နေ
ကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များ၏ မျက်နှာ မြင်မှမြင်ရပါ့မလားဟု စိုးရိမ်စိတ်ကိုယ်စီဖြင့်
ဘ၀၀မ်းစာ ရှာနေကြရ၏၊ အပြန်ခရီး ရင်သွေးငယ်များတွေ့သော မိခင်များမှ တဒင်္ဂစိတ်ချမ်း
သာမှု ရသော်လည်း မတွေ့ရသော မိခင်များခမျာ သောကမိုးစွေ၍ ဒေါသအခိုးတွေ ဝေနေ တော့၏၊( ဤနေရာကို ထောက်ဆ၍ အတွင်းရန်သည် (ပူးသတ်ရန်သည် ) အပြင်ရန်ထက်
သာ၍ ကြောက်စရာကောင်းပါ၏၊ တနည်းအားဖြင့် ရန်သူသည် ရန်သူလို နေခြင်းထက် ရန်သူ
က မိတ်ဆွေရောင်ဆောင်နေခြင်းသည် ( ရှောင်၍မလွယ် မရသောကြောင့် ) ကြောက်စရာ
ကောင်းလွန်းလှပါ၏၊)
ဘုရားလောင်းငှက်မင်းသည် စဉ်းစားရတော့၏၊ မစဉ်းစား၍ မရတော့၊ အားလုံးက သူ့ကို အကြီးအမှူးအဖြစ် တင်မြှောက်ထားသည် မဟုတ်ပါလား၊ မိမိကိုမှီခို အားကိုးနေသော ငှက်အပေါင်း၏ခေါင်းဆောင်ဖြစ်သည့်အားလျှော်စွာ သူတို့အရေးသည် မိမိအရေးပင် ဖြစ်၏။
ဤ အတိုင်းသာ ဆက်လက်၍ သွားလျှင် ငှက်မျိုးနွယ်စုသည် မျိုးပျောက်စရာ ဖြစ်သွားနိုင်၏ ၊ အမှုမှန်ကို စုံစမ်းမှ ဖြစ်ပေတော့မည်။

ယခင်က ဤမြေ ဤရေ ဤကျွန်းသာ၌ ဤကဲ့သို့သော ကိစ္စမျိုး တစ်ခါမှ မပေါ်ပေါက်ဘူးချေ၊
ယခုမှသာ ပေါ်ပေါက်လာခြင်းဖြစ်၏၊ ယခုမှ ဘာဖြစ်လို့ ပေါ်လာတာလဲ၊ လဲပေါင်းများစွာ ဘုရား
လောင်းငှက်မင်း၏ ဥဏှောက်ထဲ၌ ချာချာလည်နေ၏၊ လည်နေရာမှ သဲလွန်စ တစ်ခုကို တွေးမှိ
လိုက်၏၊ မျိုးနွယ်စိမ်းဖြစ်သော ကျီးငှက် ရောက်လာမှ ဤဘေးရန်သည် ပေါ်ပေါက်လာ၏၊ သတ္တ၀ါတို့သည် အသားစားမျိုးနွယ်ရှိ၏၊ အသီးအရွက်စား မျိးနွယ်ရှိ၏၊လေစားမျိုးနွယ်ဟူ၍
ကား မကြားဘူးချေ၊ သို့သော် ဤကျီးသည် လေကိုသာ စားသည်ဟု ပြောနေ၏၊ဤသည်မှာ ကျီးငှက်၏ (သူတပါး အထင်ကြီးအောင် ) မရှိဂုဏ်ကို အရှိထင်အောင် လှည့်စားညာဖျန်း သော မာယာထောင်ချောက်တစ်ခုသာ ဖြစ်တန်ရာ၏၊
မိမိအထင် မိမိသံသယကို ငှက်အပေါင်းကို ပြောလျှင်လည်း သက်သေ မပြနိုင်သေး၍ ယုံကြည် ကြလိမ့်မည်မဟုတ်ချေ၊ သူတို့သည် ကျီးငှက်ကို တကယ့်သူတော်စဉ်အဖြစ် စွဲမြဲစွာ ယုံကြည် ထားကြသည် မဟုတ်ပါလား၊

ယနေ့လည်း ခါတိုင်းလိုပင် ငှက်များသည် သားသမီးများကိုစိတ်မချသော်လည်းဝမ်းစာအတွက် အစာရှာထွက်သွားကြလေပြီ၊ ဘုရားလောင်းငှက်မင်းသည် အစာရှာသွားဟန် ပျံသန်းသွား၍ ကျီးငှက်မမြင်နိုင်သည့် လုံခြုံသော ခြုံပုတ်တစ်ခု၌ ပုန်းအောင်းရင်း ကျီးငှက်ကို လေ့လာအကဲ ခပ်နေ၏၊ ကျီးသူတော်ယောင်သည်လည်း နေ့တိုင်းလိုပင် ငှက်များ အစာရှားသွားပြီးထင်
၍ မြှောက်ထားသော ခြေထောက်တစ်ချောင်းကို မြေပေါ်ချ သွက်လက်သော ချေလှမ်းတို့ဖြင့်
အသိုက်အမြုံသို့ သွား၍ ငှက်ငယ်လေးများ ငှက်ဥများကို စိတ်တိုင်းကြ မြိန်ရေရှက်ရေ စားသုံး လေတော့၏၊ အစာဝသောအခါ မိမိရပ်မြဲတိုင်းသော နေရာသို့ သွားကာ ခြေတစ်ဖက်မြှောက်၍ နှုတ်သီးကိုဟ လေကို ၀အောင်စားနေသည့်ဟန် ဟန်ဆောင်၍ နေလေတော့၏၊တစ်နေရာက
သူ့ကို လေ့လာနေသော ငှက်တစ်ကောင်ရှိနေသည်ကိုတော့ သူမသိလိုက်လေတကား၊

ငှက်အပေါင်းတို့သည် အစာရှာရာမှ ပြန်လာကြလေပြီး၊ ခါတိုင်းကဲ့သို့ပင် သားပျောက်မိခင်တို့
၏ ငိုမြည်သံကို ကြားနေရ၏၊ဘုရားလောင်းငှက်မင်းသည် ငှက်အားလုံးကို စည်းဝေးစေ၏။
စုံညီသောအခါ “ ရင်သွေးတို့၏ဘေးရန် မိမိတို့၏ရန်သူ ” သည် အခြားမဟုတ်၊ တရားမရှိပဲ
တရားရှိသူဟု မိမိတို့ကို လိမ်ညာနေသော ဤကျီးငှက်သူတော်ယောင်ပင် ဖြစ်ပေ၏၊ - ဟု
မိမိ အစာရှာမလိုက်ပဲ လေ့လာအကဲခပ် တွေ့ရှိချက်များကို ပြောကြားလိုက်တော့၏။

ကျီးငှက်၏ ကိုယ်ကျင့်တရား ကိုယ်ရေးရာဇ၀င်ကို မသိရှိကြပဲ အံ့သြဖွယ်ကို အားကိုးစရာ
အဖြစ် ထင်မှတ်ကာ ချီးမွမ်းခန်းဖွင့်၍ ကိုးကွယ်ဆည်းကပ် သူတော်စင်ဟု အသိမှတ်ပြုမှား
ခဲ့ကြ၏၊ ဥနှင့်ငှက်ငယ်များကို အကြင်နာမဖက် ရက်စက်စွာ စားသုံးနေပါလျှက် နှုတ်ကမူ
တရားကျင့်ကြ တရားကျင့်ကြဟု အော်မည်နေသေး၏၊နှုတ်ပြောတစ်ခြား အကျင့်တစ်ခြား ဖြစ်နေသည်ကို ယနေ့ မျက်ဝါးထင်ထင် မိမိတွေ့မြင်ခဲ့လေပြီ၊ တရားသံနှော၍ ချိုမြိန်သည်ဟု ထင်ရသော သူ့စကားလုံးတိုင်း၌ (မာယာအဆိပ်) ပါနေသည်ကို မိမိတို့သည် သတိမထား မှိခဲ့ကြ၊ သတိမထားမှိ၍ အပြစ်မဲ့သော ရင်သွေးငယ်ငှက်ငယ်လေများ၊ ငှက်အဖြစ် မရောက် သေးသည့် ဥကလေးများသည် ဤငှက်လောကမှမပျောက်သင့်သေးပဲ ပျောက်ကွယ် သွားကြရ၏။

ယခု ရန်သူအစစ်ကို မိပေပြီး၊ဆက်လက်လိမ်ညာခွင့် ရပ်တည်ခွင့် ပေးစရာမလိုတော့၊
ဤမြေ ဤရေ ဤကျွန်းသာ၌လည်း ဆက်လက် ထားစရာ ပေါင်းသင်းနေစရာ မလိုတော့၊
သူတော်ယောင် ကျီးငှက် ထွက်လမ်းမရှိအောင် ၀န်းရံပိတ်ဆို့ကြကုန်လော့ - ဟု မိမိ၏
ငှက်မျိုးနွယ်စုများကို အမိန့်ပေးရင်း မိမိကိုယ်တိုင်ပင် စတင်၍ ကျီးငှက်၏ ဥခေါင်းကို ချွန်မြ
နေသာ နှုတ်သီးဖြင့် စတင်ထိုးဆိတ်လေတော့၊ နှုတ်သီးဖြင့်ဆိတ်သံ တောင်ပန်ဖြင့် ရိုက်ခပ်သံ
ခြေသဲများဖြင့် ကုတ်ဖဲ့သံတို့သည် တစ်ကျွန်းလုံး ဆူညံသွားတော့၏၊

ဆူညံသံလည်း တိတ်သွားပေပြီး၊ သူတော်ယောင် ကျီးငှက်သည်လည်း ပျောက်ကွယ်၍ သွား
ချေပြီး၊ပင်လယ်ကျွန်းလေးသည် ရှေးယခင်လိုပင် ဘေးရန်ကင်းစွာဖြင့် ပျော်စရာ “ ငှက်ပျော် ကျွန်း ” တစ်ခုသို့ပင် ပြန်ရောက်သွားပေပြီ။ သူတို့သည် မျိုးနွယ်စု ရင်သွေးငယ်များဖြင့်ရင်း၍ အသိတစ်ရားတစ်ခုတော့ ရရှိသွားကြ၏၊ ပညာမပါပဲ ကိုးကွယ်လျှင် “ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည် ” ဟူ၍။

No comments:

Post a Comment