Pages

Sunday, April 4, 2010

တရားရှာ.face book မှာတွေ့ဆိုပဲ..

အစားပြတ်တယ်.အအိပ်ပြတ်တယ်..
ခုတစ်လော ဖေ့စ်ဘွတ်ခ်ပေါ်မှာ မင်္ဂလာဆောင်ပုံ ဒါမှမဟုတ် ကလေးပေါက်စပုံ
လေးမှမတင်နိုင်ရင် ဂုဏ်မရှိသလို ဖြစ်နေပါရောလားကွယ်တို့..။
အေးလေ.. ၂၉၊ ၃၀ တန်းတွေရောက်ကြပြီဆိုတော့လည်း၊
သူ့ရာသီချိန်လိုဖြစ်နေတော့ကာ..
ကဲလှတယ် မဆိုသာပေဘူးပေါ့..။
ခုနေအခါမလဲ ဖေ့စ်ဘွတ်ခ် လေးမှမရှိရင် စပုတ်တံ မဲ့တဲ့ဆိုက်ကားများလို
မတင့်တယ်သယောင်ဖြစ်ရလောက်အောင် ဖေ့စ်ဘွတ်ခ်
ဆိုတာကလည်းတွင်ကျယ်လာလေတော့ကာ...၊
တိုင်းယက်တဲ့ ကပ္ပလာ မိုးရွာတာနဲ့အခန့်သင့်၊ ဆိုင်းကြိုက်တဲ့မဟဝှာ၊
ဂျီးဒေါ်မသာနဲ့ အရံသင့် ဆိုသလို၊ ဖေ့စ်ဘွတ်ခ်ဟာ မင်္ဂလာဆောင်စုံတွဲတွေ၊
အသစ်စက်စက် ကလေးမိဘတွေရဲ့ ဘူမိနက်သံမြေခံသန့်ရှင်း ပျော်ခင်းစံရာ
(ဓါတ်ပုံပွဲကျင်းရာ) ဖြစ်ပေတော့သကိုး..။ ဖေ့စ်ဘွတ်ခ် ရေပန်းမစာမှီက
ဆောင်ထားတဲ့အတွဲတွေတောင်.. ငတို့နှယ်၊ မင်္ဂလာဆောင်စောလေချင်းဆိုပြီး..
ခုမှသိမ်းထားတဲ့ပုံတွေကို ဖုတ်ဖက်ခါပြီး အပြေးအလွှားတင်ရပေသေးတယ်..။

အနှီကဲ့သိုဖြစ်လေရကား..၊ အပျိုကြီး၊ လူပျိုကြီး တို့မှာလဲ၊
တစ်ကောင်ကြွက်နဲ့ တစ်ကွက်ကြောင်နေရာကထပြီး၊
ဖေ့စ်ဘွတ်ခ်တစ်ခုအရင်းပြုကြကာ..၊ ပရိုမိုးရှင်းပြုကြကုန်တယ်ပေါ့။
ခရစ်စမတ် အတွက် အောချပ်မသွားနဲ့၊
အော့ကစ်ဂါးဒင်းမသွားနဲ့..အမ်အာတီခကုန်တယ်။ သူတို့ဖေ့စ်ဘွတ်ခ်
ပေါ်သာသွား..။ အောချပ်လား၊ ဘော်တနီကယ်ဂါးဒင်းလား၊
ချိုင်းနိစ်ဂါးဒင်းလား... အို..နေရာစုံကိုရောက်သွားသလိုပုံတွေဆိုတာ
ဝေဝေဆာဆာ..။
သို့ကနဲ့တောင်၊ သင်းတို့ခမျာမှာ၊ ဟို မင်္ဂလာဆောင်ပုံတွေ၊
ကလေးပေါက်စပုံတွေလောက် သောင်းသောင်းဖျဖျ
ကွန်မင့်တွေမရကြလေတော့..ဖေ့စ်ဘွတ်ခ်အကောင့်ကို
ကျီးနဲ့ဖုတ်ဖုတ်မဖြစ်ရလေအောင်၊ မကြာခဏ အတ်ပ်ဒိတ်လုပ်ရတာကလား..။
ဈေးခေါင်းကွဲစအချိန်မှ ဈေးထဲရောက်လာတဲ့ဈေးသည်လို စိတ်ကတော့လေးနေပြီ၊
ဈေးလျှော့ရောင်းဖို့ကလည်း ကိုယ့်
ရောင်းကုန်ကအလတ်ကြီးရှိသေး..ဆိုတာလိုပေါ့..။
အဲ.. ၃၄၊ ၃၅ ဆိုရင်တော့ ဈေးပေါင်ကျိုးတယ်ပဲပြောရမလားပေါ့လေ...။
တစ်ဘက်က မင်္ဂလာဆောင်ပုံတင်ကြသူတွေလည်းကြည့်ဦး..။
ဒီဟာလေးတင်ရဖို့လွယ်မှတ်လို့လား..။ အနည်းဆုံ ဒေါ်လာ ၃၀၀၀၊ ၄၀၀၀ ကုန်ဆိုပဲ။
တစ်ချို့ခပ်ကဲကဲဆိုလို့ကတော့ ရိုက်ရင်းနဲ့ ၇၀၀၀၊ ၈၀၀၀
ထိတောင်ဖြစ်သွားတတ်သေးသတဲ့နော်..။ ဒါတင်လားဆိုတော့၊ ဘယ်ဟုတ်မတုန်း..၊
နက်ကတိုင်လည်ပင်းအစ်အစ်၊ ဂါဝန်ကြီးတစ်ကားကား နဲ့ တစ်နေကုန်တစ်နေခမ်း၊
ဟိုပြေးသည်ပြေး၊ နဖူးကချွေးခြေမကျအောင် ရိုက်ရနှက်ရပါသတဲ့..။ ပြီးတော့
ဒီပုံတွေကို ဒင်နာကျရင် စလိုက်ရှိုးပြဖို့စီစင်ရသေးတာ။ သတို့သားခမျာမှာ..
ဇနီးလောင်းကမကျေနပ်မချင်း ဒီစလိုက်ရှိုးကို ပြင်ရဆင်ရတာဆိုတာ..
အလွန်ကွန်ပလိမ်း များတဲ့ ကပ်စတမ်မာ ရဲ့ အားဂျင့် ပရော့ဂျက်ကို
ကိုင်တွယ်ရသလိုပါပဲတဲ့..။ အင်း... ပွဲပြီးမီးသေဆိုသလို..
ချဲ့ရင်ချဲ့သလောက်ကုန်တဲ့ပွဲလည်းပြီးရော.. ဘဏ်ထဲမှာ ခါလီ
ပြသွားရောဆိုတာကလား..။

ကဲ... ဟို ကလေးမိဘတွေဘက်လှည့်ကြဦးစို့..။ သူတို့ကလည်း ခုမှ
မင်္ဂလာဆောင်ပုံတင်သူတွေကို.. " တို့ကတော့ လူဖြစ်နှင့်ပဟေ့ "
ဆိုတဲ့သဘောမျိုး ချေနိုင်ကြပေတာကိုး..။ ကလေးပုံတွေဆိုတာ
ပိုစ့်အမျိုးမျိုးနော်..။
ပြောမယ့်သာပြောလို့ သူတို့ရောလွယ်သလား..။ ပီအာဆို ကလေးထောက်ပံ့ကြေး ရ၊ မရ
မသိ။ စလုံး စီတီဇင်ဆိုရင်တော့ ဒေါ်လာ ၃၀၀၀၊ ၄၀၀၀ အစိုးရကပေးသတဲ့လေ။
ဒို့ဆီမှာသာဒီလိုပေးရင်တော့၊ ကားဝယ်ပြီး ဆီထုတ်စားတဲ့သူရှိသလို၊
ကလေးမွေးပြီး ထောက်ပံ့ကြေးရှာစားတာတွေဒုနဲ့ဒေးရှိလာလောက်တယ်..။ထားတော့၊
ဒီမှာတော့ ကလေးမွေးတဲ့နေ့ ဆရာဝန်ခ၊ မီးနေခန်းခ (ဝမ်းဆွဲစရိတ်ဆိုပါတော့)
တင်ပဲ ဒေါ်လာ ၁၀၀၀၀ ကျော်သတဲ့အရပ်ကတို့ရေ..။ ဒီနောက်ကုန်မှာတွေက စီလို့..။
ကိုင်းဒီတော့ကာ..၊ အပျိုကြီး၊ လူပျိုကြီး တို့ရေ..
ဒီအတိုင်းနေကြမလားပေါ့နော်..။ဆိုပြန်တော့ကာ..။
၁) အိုမင်းမစွမ်းတဲ့
၂) ဆေးပေးမီးယူ၊ ဘုရားသွားကျောင်တက်တဲ့
၃) သားထောက်သမီးခံတဲ့...။
နံပါတ်(၁) ဖြစ်လာရင်တဲ့၊ နံပါတ်(၂) လိုအပ်တယ်တဲ့။ ဒါ့အပြင် နံပါတ်(၃)
ရှိမှတော်မယ်တဲ့...။ ကိုင်း..။ မခက်ပေဘူးလား..။
စိတ်ရှုပ်လို့မြစ်ကမ်းထိုင်ကာမှ
သပွတ်အူမျှောလာတာနဲ့တိုးနေတယ်ဆိုသလို..လောကီ ကိစ္စ
များတွေးလေရှုပ်လေကိုး..။

ကဲ.. အခုတော့ တရားရှာ ဖေ့စ်ဘွတ်ခ်မှာတွေ့ဆိုသလိုဖြစ်မနေဘူးလား...
စဉ်းစားနော်.. ပရိတ်သတ်..။
စဉ်းစားလို့ရ၇င် ကျုပ်ကိုလဲ ပြောကြဦး..။ အခုတော့ လောကီကိစ္စတွေ
ခဏပိုင်းလို့ ဂူပိတ်ကျင့်ရင်း ဆိုင်းမယ်ဗျား....။
မေးတခုမှတွေ့လို့တင်ပြလိုက်ပါသည်...

No comments:

Post a Comment